a lost child in the kindergarten

Living On My Own
Freddie Mercury
ကွဲအက်နေတဲ့ ရေချိုးခန်းထဲကမှန်တွေ။ ဘယ်နေရာကမှန်းမသိ ကြားနေရတဲ့ living on my own သီချင်း။ မူးနေလို့လားမသိ၊ ကွဲအက်နေတဲ့ မှန်ထဲမှာပေါ်နေတဲ့ ပုံတွေကတစ်မျိုးစီ။ တစ်ယောက်က ဒေါသထွက်နေတယ်။ တစ်ယောက်က ငိုကြွေးနေတယ်။ တစ်ယောက်က ကြောက်လန့်နေတယ်။ တစ်ယောက်က စွန့်ပစ်ခံထားရတယ်။ တစ်ယောက်က ...။ တစ်ယောက်က ...။ တစ်ယောက်က ...။ မျက်ရည်တွေလွှမ်းခြုံထားတဲ့ အမြင်တွေက ဝေဝါးနေတယ်။
အက်ကွဲနေတဲ့ဝီစကီခွက်နဲ့ အက်ကွဲနေတဲ့မှန်ကို တိုက်ပြီး မော့ချလိုက်တယ်။ ငါကလွဲပြီး တစ်ကမ္ဘာလုံးမှာ ဘယ်သူမှမရှိဘူး။ အက်ကွဲပြီးသားဖန်ခွက်ကို ကြေမွသွားအောင် နံရံကိုပစ်ပေါက်လိုက်တယ်။ ငါရဲ့သေဆုံးခြင်းက တစ်ကမ္ဘာလုံးရဲ့ အဆုံးသတ်ပဲ။
လှေကားထစ်တစ်ခုချင်းစီက ခြေဖနောင့်အောက်မှာ နိမ့်ဆင်းပြီး တစ်ထစ်ပြီးတစ်ထစ် ကျန်ခဲ့ပြီးရင်း ကျန်ခဲ့တယ်။ အမြင်တွေကြည်လင်အောင် အာရုံစိုက်လိုက်တဲ့အချိန်မှာ အဆောင်ခေါင်မိုးပေါ်ကို ငါရောက်နေတယ်။ ပေခြောက်ဆယ်ကျော်။ နှစ်စက္ကန့်လောက်အတွင်းမှာ မြေပြင်ကို ပစ်ရိုက်မိလိမ့်မယ်။ ငါသေသွားရင် ဝမ်းနည်းမယ့်သူ မရှိဘူး။
"လူတိုင်းမှာ သူတို့ကို ဂရုစိုက်မယ့်သူ တစ်ယောက်ယောက်ရှိပြီး၊ မင်းကိုဂရုစိုက်မယ့်သူ ဘယ်သူမှမရှိဘူး"
"မင်းကိုဂရုစိုက်မယ့်သူ ဘယ်သူမှမရှိဘူး"
"မင်းကိုဂရုစိုက်မယ့်သူ ဘယ်သူမှမရှိဘူး"
"မင်းကိုဂရုစိုက်မယ့်သူ ဘယ်သူမှမရှိဘူး"
"ဘယ်သူမှမရှိဘူး"
"ဘယ်သူမှမရှိဘူး"
"ဘယ်သူမှမရှိဘူး"
"လူတိုင်းက မင်းအပေါ်ရက်စက်ရင် ရက်စက်၊ မဟုတ်ရင် လိမ်ညာဟန်ဆောင်လိမ့်မယ်"
"မင်းဒေါသတွေကို ဘယ်သူမှဂရုမစိုက်ဘူး"
"မင်းမျက်ရည်တွေကို ဘယ်သူမှဂရုမစိုက်ဘူး"
"မင်းရဲ့ကြောက်လန့်မှုတွေကို ဘယ်သူမှဂရုမစိုက်ဘူး"
"ဘယ်သူမှဂရုမစိုက်ဘူး"
"ဘယ်သူမှဂရုမစိုက်ဘူး"
"ဘယ်သူမှဂရုမစိုက်ဘူး"
ခေါင်မိုးပေါ်ကနေ ခြေနှစ်ချောင်းကိုစုံခုန်လိုက်တယ်။
နာကျင်စရာအကောင်းဆုံးစကား။ "ခင်များလည်း သူတို့နဲ့ဘာမှမကွာဘူး။" ပြောတဲ့သူအတွက်ရော၊ အပြောခံရတဲ့သူအတွက်ရော။
ငါက တစ်လောကလုံးမှာ သတ္တိအရှိဆုံးပဲ။ ငါ့သတ္တိတွေကို ဘုရားက မနာလိုဘူး။ ငါဟာ ဘုရားဖြစ်ခဲ့ရင်တောင်မှ ကိုယ့်ကိုကိုယ် မနာလိုဘဲနေလိမ့်မယ်။
နှစ်စက္ကန့်မကတော့ဘူး။ ကြမ်းပြင်နဲ့ပစ်ရိုက်သင့်နေပြီ။ ကြောက်စရာအကောင်းဆုံး အတွေးတစ်ခုက ဘယ်တော့မှမလာမယ့် တစ်ခုခု၊ ဘယ်တော့မှမလာမယ့် တစ်ယောက်ယောက်ကို စောင့်နေရတာပဲ။
အကြီးမားဆုံးပြစ်မှုက အပြစ်ကင်းမဲ့ခြင်းပဲ။
နှစ်ထောင်ပေါင်းများစွာ ငါပြုတ်ကျနေခဲ့တယ်။ ဆုပ်ကိုင်စရာ ကြိုးမျှင်လေးတစ်ချောင်းတောင် မရှိဘဲနဲ့။
သွေးအိုင်ထဲမှာ ငါနိုးလာတယ်။ ပါးပြင်ပေါ်က စိုစွတ်မှုက သွေးလား၊ မျက်ရည်လားမကွဲ။ နှစ်ခုလုံးဖြစ်လိမ့်မယ်။ ဖန်ကွဲစတွေက သွေးနဲ့အရက်ထဲမှာ နစ်မြုပ်နေတယ်။ ဒါဏ်ရာတွေပြည့်နေတဲ့ ငါ့ခန္ဓာကိုယ်ကို တွန်းထဖို့ ခွန်အားမရှိဘူး။ ငါ့ကိုကယ်မယ့်သူ ဘယ်သူမှမရှိဘူး။ တစ်လောကလုံးက အချင်းချင်းသတ်ဖြတ်နေရင်တောင်မှ၊ ငါကတစ်ဖက် တစ်လောကလုံးက တစ်ဖက်ဖြစ်နေလိမ့်မယ်။
အမေ့ရဲ့ အတုအယောင် ကြင်နာခြင်းတွေက ဈေးကြီးလွန်းတယ်။ နာကျင်မှုနဲ့ စွန့်ပစ်ခံရမှု။ မူကြိုကျောင်းထဲမှာ ပိတ်လှောင်ခံနေရတဲ့ကလေး။ ခင်များတို့အားလုံးက ဘာလို့ ကြောက်စရာကောင်းနေရတာလဲ။ ဘာလို့ ရက်စက်နေကြရတာလဲ။ ရက်စက်မှုကို အမေ့မျက်နှာထပ် ပိုမှတ်မိတယ်။ အမေ့မျက်နှာက ရက်စက်မှုပဲလား။
မူကြိုထဲက တံခါးတစ်ချပ်ကနေ ထွက်လိုက်တိုင်း နောက်ထပ်တံခါးချပ်တွေ ပိုပိုများလာတယ်။ မဝင်ဖြစ်ခဲ့တဲ့ တံခါးချပ်တွေ။ နောင်တ။ ဘယ်တံခါးချပ်ကမှ ထွက်ပေါက်မဟုတ်တာ ဖြစ်ရင်ဖြစ်လိမ့်မယ်။ မျှော်လင့်ချက် ကင်းမဲ့ခြင်း။ တံခါးချပ်တွေကို ရှိသမျှခွန်အားနဲ့ တွန်းဖွင့်တယ်။ ဒါလည်း ထွက်ပေါက်မဟုတ်ဘူး။ ဒါလည်း ထွက်ပေါက်မဟုတ်ဘူး။ ဒါလည်း ထွက်ပေါက်မဟုတ်ဘူး။ မျက်ရည်တွေကို ဘယ်တုန်းကမှ ကျင့်သားရမလာဘူး။
နာကျင်မှု။ သံချွန်တွေကခေါင်းကို အဆက်မပြတ် ထိုးစိုက်နေသလိုပဲ။ နှလုံးကိုရောပဲ။ သူငယ်ချင်းရှိခဲ့ရင် အဲ့သူငယ်ချင်းကို နာကျင်မှုလောက် ရင်းနှီးမှာမဟုတ်ဘူး။
နောက်တစ်ခါ မျက်လုံးပွင့်လာတဲ့အချိန်မှာ ရေချိုးခန်းတစ်ခုထဲ ငါလဲကျနေတယ်။ လက်လှမ်းမှီတဲ့ရေပိုက်ခေါင်းကို ဆုပ်ကိုင်ပြီး ဆွဲထလိုက်တယ်။ ခြောက်ကပ်နေတဲ့ သွေးတွေ။ ရေပန်းကို ဖွင့်ချလိုက်တဲ့အခါ သံချေးပါတဲ့ရေအေးတွေ ပန်းကျလာတယ်။ အေးစက်မှုကို မုန်းတယ်။ ဒီလောကမှာ ဘယ်တုန်းက နွေးထွေးမှုရှိလို့လဲ။ ခြောက်ကပ်နေတဲ့သွေးတွေကို လက်နဲ့ပွတ်ဆေးလိုက်တယ်။ ပါးပြင်ပေါ်က ဆားပွင့်တွေကိုလည်း သပ်ဆေးလိုက်တယ်။
လက်ဆေးတဲ့နေရာမှာ ကွဲအက်နေတဲ့မှန်။ ဘေးနားမှာ ဖန်ကွဲစတွေ။ ဖန်ကွဲစတွေကို ရေစီးဝင်တဲ့ မြောင်းလေးထဲကို ခြေထောက်နဲ့ တွန်းချလိုက်တယ်။ မြောင်းထဲမှာ မှန်အက်နေတဲ့ဖုန်းတစ်လုံး။ ကောက်ယူလိုက်တော့ living on my own သီချင်းသံ တိုးတိုးလေးကြားရတယ်။ ဖုန်းကို လက်ဆေးကန်ပေါ်တင်ပြီး အချဉ်နံ့ထွက်နေတဲ့ ပါးစပ်ကို ရေနဲ့ဆေးလိုက်တယ်။ ခေါင်မိုးပေါ်ကို တက်လို့မရဘူး။ ခေါင်မိုးပေါ်တက်တဲ့တံခါးကို သော့ခတ်ထားတယ်။ တစ်ခါတစ်လေ တံခါးချပ်တိုင်းကို ငါတွန်းဖွင့်တယ်။
မူကြိုထဲက ကလေးရဲ့မျက်နှာကို ကွဲအက်နေတဲ့ မှန်ချပ်တွေမှာ မြင်ရတယ်။ ကလေးကို ဖက်ထားဖို့ မှန်ထဲကို လက်ထိုးထည့်လိုက်တယ်။ အဓိပ္ပာယ်မရှိခြင်းတွေကို ကော်နဲ့ကပ်လိုက်တဲ့အခါ အဓိပ္ပာယ်ရှိသယောင် ပုံရိပ်တွေပေါ်လာတယ်။ ဘယ်လောက်လှမ်းလှမ်း ငိုကြွေးနေတဲ့ကလေးဆီကို လက်ကမရောက်ဘူး။ ကလေးက သူ့ခြေထောက်သူဖက်ပြီး ငိုနေတယ်။ ဖွင်ဖွင့်၊ မဖွင့်ဖွင့် မထူးတဲ့ တံခါးချပ်ပေါင်းများစွာ။
"တမန်တော် လီးယား ကို အသိအမှတ်မပြုကြတဲ့ မင်းတို့စောက်ရူးတွေရဲ့ ကမ္ဘာမှာ ငါမနေချင်ဘူး"
"လီးယားကို အသိအမှတ်မပြုကြတဲ့ မင်းတို့စောက်ရူးတွေရဲ့ ကမ္ဘာမှာ ငါမနေချင်ဘူး"
"အသိအမှတ်မပြုကြတဲ့ မင်းတို့စောက်ရူးတွေရဲ့ ကမ္ဘာမှာ ငါမနေချင်ဘူး"
"မင်းတို့စောက်ရူးတွေရဲ့ ကမ္ဘာမှာ ငါမနေချင်ဘူး"
"စောက်ရူးတွေရဲ့ ကမ္ဘာမှာ ငါမနေချင်ဘူး"
"ကမ္ဘာမှာ ငါမနေချင်ဘူး"
"ငါမနေချင်ဘူး"
"မနေချင်ဘူး"
အက်ကွဲနေတဲ့မှန်ရှေ့မှာ ဘုရားစာရွတ်သလို ငါရွတ်တယ်။ ဝတ်ပြုမှုအပြီးမှာ ငိုကြွေးနေတဲ့ကလေးကို ငါစွန့်ပစ်ခဲ့တယ်။ ငါခြေလှမ်းတွေနောက်မှာ ရေတွေတစ်စက်စက်ကျကျန်ခဲ့တယ်။ ခဏနေရင် ခြောက်သွေ့ပြီး ရှိခဲ့မှန်းတောင် မသိတော့မယ့် ရေစက်တွေ။
အဆောင်ခန်းအဝမှာ လှမ်းထားတဲ့ အဝတ်တစ်စုံကို ဖြုတ်ယူလိုက်တယ်။ အဆောင်အခန်းတံခါးကို တွန်းလိုက်တာနဲ့ ချဉ်စူးစူးအနံ့က နှာခေါင်းအတွင်းက အာရုံခံအင်္ဂါတွေဆီ တိုးဝင်လာတယ်။ ရေစိုနေတဲ့အဝတ်တွေကို ချွတ်ပြီး ကြုံတဲ့နေရာ ပစ်ပေါက်လိုက်တယ်။ အခြားမှိုတက်အဝတ်တွေနဲ့ စုပေါင်းပြီး တော်လှန်ရေးစနေပါစေ။ အခန်းဝကယူလာတဲ့ အဝတ်အစားတွေကို ပြန်ဝတ်တယ်။
အက်ကွဲနေတဲ့ဖုန်းကို ဘာစာအုပ်မှမရှိတဲ့ အိတ်ထဲ ပစ်ထည့်လိုက်တယ်။ ဘယ်တော့မှ မဆေးမယ့် ကြွက်အိမ်သာ ပန်းကန်တွေနဲ့ ရှုပ်ပွနေတဲ့ စားပွဲ။ ခြောက်ကပ်နေတဲ့ စားကြွင်းစားကျန်တွေ။ ကော်ဖီခွက်ထဲ လက်နှိုက်လိုက်တော့ ကျိုးနေတဲ့ စီးကရက်တစ်လိပ် ထွက်လာတယ်။ စီးကရက်ကို နှုတ်ခမ်းနဲ့ညှပ်ပြီး၊ ချဉ်စူးနေတဲ့အနံ့ရတဲ့ အခန်းထဲက ထွက်လာတယ်။ ထုံးစံအတိုင်း တံခါးကိုစေ့ရုံပဲစေ့ခဲ့တယ်။ အဆောင်ဝရောက်မှ လုံခြုံရေးဆီက မီးခြစ်နဲ့ ဆေးလိပ်မီးညှိတယ်။ ဘေးနားမှာ ကပ်ထားတဲ့ ဆုံးအောင်မဖတ်နိုင်တဲ့ အဆောင်စည်းကမ်းထဲက တစ်နေရာရာမှာ ဆေးလိပ်မသောက်ရဆိုတာ ပါတယ်။
ဘာအတွက်မှမဟုတ်ဘဲ စာသင်ခန်းတွေဆီ ငါဦးတည်လာတယ်။ ဘာအတွက်လဲဆိုတာ သိခဲ့ရင် ငါ့ကိုပြန်ပြောပြီး မနှိပ်စက်ပါနဲ့တော့။ ဒီလောကမှာ စိတ်ကူးဉာဏ်ကောင်းရတာက အပြစ်တစ်ခုပဲ။ ငါ့အပြစ်တွေကို ထူပိန်းမှုတွေနဲ့ ပြန်ဆေးကျောရမယ်။ ဘယ်မျက်နှာကိုမှ မကြည့်ရဲလို့ ဆေးလိပ်ကို ရှိုက်ရင်း မြေပြင်ကိုကြည့်ပြီး လမ်းဆက်လျှောက်တယ်။ ဗိုက်ထဲက အသံတွေကို မကြားချင်ယောင်ဆောင်တယ်။
အရာအားလုံးက အဆင်ပြေနေတယ်။ ငါပြုံးပြရမယ်။ လမ်းမှာတွေ့သမျှလူတွေကို မကြည့်ဘဲ ငါပြုံးပြတယ်။ မကြည့်တဲ့အတွက် သူတို့ဘယ်လိုတုန့်ပြန်လဲ ဘယ်တော့မှပြန်မသိဘူး။ ဆေးလိပ်ကုန်သွားတော့ ဖင်စီခံကို တက်နင်းလိုက်တယ်။ အခွင့်ထူးခံ လူလိုးမသားတွေ။
စာသင်ခန်းထဲကို ငါဝင်လိုက်တယ်။ ရွံစရာကောင်းတဲ့ ဟန်ဆောင်မှုတွေရဲ့အနံ့။ ပျို့အန်မထွက်ဘဲ ခင်များတို့ ဘယ်လိုနေနိုင်တာလဲ။ ငါ့ကို စွန့်ပစ်မထားကြပါနဲ့။ တုန်လှုပ်စွာနဲ့ တစ်လှမ်းချင်း လှမ်းတယ်။ နေရာလွတ်မှာ ဝင်ထိုင်လိုက်တယ်။ ထူပိန်းမှုမှာ အနံ့ရှိရင် စာသင်ခန်းအနံ့ပဲ ဖြစ်လိမ့်မယ်။
"အဆင်ပြေရဲ့လား"
ပြုံးပြပြီး ခေါင်းညိတ်လိုက်တယ်။ ချက်ချင်း ငါထိုးအန်လိုက်တယ်။ ပါးစပ်ရှေ့မှာ မျက်နှာဖုံးကာထားတော့ အန်ဖက်တွေက မျက်နှာကိုပြန်လာကပ်တယ်။ နှာခေါင်းထဲကိုလည်း ဝင်တယ်။
အခြားကမ္ဘာတစ်ခုမှာ ငါမွေးခဲ့ရင်၊ ငါကလူလိမ္မာလေး ဖြစ်နေလိမ့်မယ်။ အကောင်းမြင်တတ်ဆုံး။ အသည်းခံတတ်ဆုံး။ အကြင်နာတတ်ဆုံး။ ချစ်စရာအကောင်းဆုံး။