a tearful turtle

pinkius
January 2020

What's Up

4 Non Blondes

အကယ်၍မျက်လုံးတွေရှိမနေခဲ့ရင် ဖဲကစားလို့ရသေးလား။ အစည်းအဝေးစားပွဲမှာ ဖဲကစားနေကြတယ်။ ဘာကစားနည်းမှန်း ကျနော်မသိဘူး။ ဒီစားပွဲကို ကျနော်ဘယ်လိုလုပ်ရောက်နေလဲ မမှတ်မိဘူး။ ခင်များရော၊ ဒီစာကို ဘယ်လိုဖြစ်ပြီး ဖတ်နေမိလဲ မှတ်မိလား။ မှတ်မိခဲ့ရင်၊ အဲ့မှတ်ဉာဏ်က ခင်များဟာ ဟုတ်မဟုတ် ဘယ်လိုသိလဲ။ ခင်များဟာဟုတ်ဖို့ ခင်များဆိုတာရှိ၊ မရှိကိုရော ဘယ်လိုသိလဲ။


စားပွဲဘေးမှာ ပတ်ထိုင်နေတဲ့ လူတွေမျက်နှာက အမူအရာမျိုးစုံလုပ်နေတာကို ပြတ်ပြတ်သားသား မြင်ရတယ်။ အမူအရာမျိုးစုံက ဘာအဓိပ္ပာယ်ရှိလဲဆိုတာ သူတို့အချင်းချင်း နားလည်လား၊ မလည်လား ကျနော်မသိဘူး။ ကျနော်နားလည်လားလည်း ကျနော်မသိဘူး။ ဖဲချပ်နှစ်ချပ်ကျနော့်ရှေ့ကို လာချတယ်။ လူတိုင်းကိုလည်း နှစ်ချပ်စီဝေထားတယ်။ blackjack လား texas hold' em လား။ ကျနော့်ရှေ့မှာ အကြွေစေ့တွေပုံထားတယ်။ အကြွေစေ့ပုံရဲ့ရှေ့မှာ ထိုးထားတဲ့အကြွေစေ့နည်းနည်း။ ကဒ်ကိုလှန်ကြည့်တော့ pokemon ကဒ်တွေ။ blackjack လည်း မဟုတ်ဘူး၊ texas hold' em လည်း မဟုတ်ဘူး။ pokemon က နှစ်ကဒ်တည်း ဝေရတာလား။ တစ်ခါမှ မဆော့ဖူးလို့ မပြောတတ်။


အလယ်မှာ ကဒ်တွေထပ်ချတယ်။ ပထမကဒ်က ဂျိုကာ။ ထပ်ထိုးတဲ့သူတွေက ထပ်ထိုးတယ်။ ဘာလုပ်ရမှန်းမသိတော့ ကျနော့်ဘေးကလူ လုပ်တဲ့အတိုင်းလိုက်လုပ်တယ်။ ဒုတိယကဒ်က pokemon။ ကျနော့်ကဒ်နဲ့တော့ ပုံမတူဘူး။ နောက်တစ်ကဒ်က အဖြူသက်သက်။ နောက်တစ်ကဒ်က အသည်းပုံ နံပါတ်သုံး။ နောက်ဆုံးကဒ်က pokemon ပဲ။ ဒုတိယကဒ်နဲ့ ပုံစံပါတစ်ထပ်တည်း တူတယ်။ အလယ်မှာ ငါးကဒ်ပြည့်ပြီးတော့ ကဒ်တွေလှန်ပြကြတယ်။ မျက်စောင်းထိုးက တစ်ယောက်က full house နဲ့ တစ်ဝိုင်းလုံးကို စားသွားတယ် ထင်တယ်။ သူ့ကဒ်တစ်ကဒ်က အထဲကနှစ်ကဒ်နဲ့တူတဲ့ pokemon၊ နောက်တစ်ကဒ်က အသည်းပုံသုံး။ texas hold' em ပဲ။ အဲ့အခေါ်အဝေါ်တွေ နားမလည်လည်း ကိစ္စမရှိဘူး။ ဘယ်အရာကရော ကိစ္စရှိလို့လဲ။


နောက်တစ်ပွဲပြန်စတယ်။ ဒီတစ်ခါ ဖဲမကောင်းဘူး ထင်တာနဲ့ ဆက်မထိုးဘဲ နားလိုက်တယ်။ ထင်တဲ့အတိုင်းပဲ ဆက်‌ဆော့ရင် ရှုံးမှာ။ ပြီးတော့ နောက်တစ်ပွဲ။ ပြီးတော့ နောက်တစ်ပွဲ။ ပြီးတော့ နောက်တစ်ပွဲ။ ပျင်းလာတာနဲ့၊ ကျနော်မဆော့ချင်တော့လို့ ထဖို့လုပ်တယ်။ ဘေးကတစ်ယောက်က အတင်းဆွဲပြီး ပြန်ထိုင်ခိုင်းတယ်။


မတတ်သာတာနဲ့၊ ဘာအတွက်မှမဟုတ်ဘဲ ဆက်ကစားတယ်။ ဆက်မဆော့ချင်လို့ ပွဲအစကတည်းက ကျနော်မှာရှိသမျှ အကုန်ထိုးလိုက်တယ်။ ကဒ်တွေကို လှန်ကြည့်တော့ ဂျိုကာနှစ်ကဒ်။ အကုန်လုံးလိုက်ထိုးတဲ့ နောက်တစ်ယောက်နဲ့အတူ၊ အလယ်မှာထပ်ချတဲ့ ကဒ်တွေဆက်ကြည့်တယ်။ ပထမအချပ်က ဂျိုကာ။ ဒုတိယလည်း ဂျိုကာ။ နောက်တစ်ချပ်က pokemon။ နောက်တစ်ချပ်ရောပဲ။ နောက်ဆုံးကဒ်က ဂျိုကာပြန်ဖြစ်သွားတယ်။ ဟုတ်ပြီ။ နံပါတ်တူ လေးကဒ်စုံရင်တောင် တော်တော်ကောင်းတဲ့ လက်ဖြစ်နေတာ။ ကဒ်တူငါးကဒ်ဆို သေချာပေါက်နိုင်မှာပဲ။ ရိုးရိုးဖဲမှာဆို ငါးကဒ်တူဖို့ ဖြစ်တောင်မဖြစ်နိုင်ဘူး။ ပျော်ရွှင်ပြီး ကျနော့်ကဒ်တွေကို လှန်ပြလိုက်တယ်။ တစ်ဝိုင်းလုံး ရယ်သံတွေနဲ့ ဆူညံသွားတယ်။


"မင်းရူးနေလား၊ မင်းဖဲမင်း သေချာကြည့်ဦး" လို့ ဝိုင်းပြောကြတယ်။


ပြန်ကြည့်တော့ ကျနော့်မှာ ဂျိုကာနှစ်ချပ်၊ အလယ်မှာသုံးချပ်။ ဘာလို့ဝိုင်းရယ်တာလဲလို့ ဆက်စဉ်းစားနေတုန်းမှာ ကျန်တဲ့နှစ်ယောက်ထဲက တစ်ယောက်က စားပွဲပေါ်ကအကြွေစေ့တွေအကုန် စားသွားတယ်။ ဘာနဲ့စားသွားမှန်းတောင် မသိလိုက်ဘူး။


"ကျနော်ဘာလို့ရှုံးသွားတာလဲ"


တစ်ဝိုင်းလုံးက ပိုပြီးတောင်ကျယ်ကျယ်လောင်လောင် ဝိုင်းရယ်ကြတယ်။


"ဒါပိုကာမဟုတ်ဘူးလား"


တစ်ဝိုင်းလုံးက ထပ်ရယ်ကြတယ်။ ဘာမှားနေလဲ ကျနော်ခုထိ မစဉ်းတတ်။ ကစားနည်းကို ကျနော်သဘောမပေါက်သေးတာလား။ ကစားနည်းပြောင်းသွားတာကို ကျနော်သတိမထားမိလိုက်တာလား။ စားပွဲဝိုင်းကို ဆွဲမှောက်ပစ်ချင်လိုက်တာ။


အခုထက်ပိုပြီး အာရုံစိုက်မခံချင်တာနဲ့ စားပွဲကနေ ထဖို့လုပ်တယ်။ ဘေးကတစ်ယောက်က အတင်းဆွဲပြီး ပြန်ထိုင်ခိုင်းတယ်။ ဆက်ကစားစရာ အကြွေစေ့မရှိတော့ဘူးလို့ ပြောတော့၊ ရှေ့ကတစ်ယောက်က မေးငေါ့‌ပြတယ်။ ကျနော့်ရှေ့ကိုကြည့်လိုက်တော့၊ စားပွဲပေါ်မှာ အကြွေစေ့အမဲတွေ ရောက်နေတယ်။


ဘာကစားနည်းမှန်းမသိဘဲ၊ အကြွေ‌စေ့အနည်းဆုံးထိုးပြီး ဆက်ဆော့တယ်။ တစ်ခါတစ်လေ ကျနော်နိုင်တယ်။ ဘယ်လိုနိုင်မှန်းတော့ နားမလည်ဘူး။ ကျနော့်ဖဲတွေကို ပြဖို့မပြောမချင်း မပြတော့ဘူး။ များသောအားဖြင့် ကြည့်လည်းမကြည့်တော့ဘူး။ ထိလည်းမထိတော့ဘူး။ နိုင်သွားရင် အမဲမဟုတ်တဲ့ အရောင်နဲ့အကြွေစေ့တွေ ပြန်ရတယ်။ မင်းဖဲက ကောင်းနေရက်သားနဲ့ ရူးနေလို့ နည်းနည်းပဲထိုးတာလားလို့ ပြောသံ ခဏခဏကြားရတယ်။ ဖဲကောင်းလား၊ မကောင်းလားလည်း ကျနော်မသိဘူး။ ရူးနေလား၊ မနေလားလည်း ကျနော်မသိဘူး။


နိုင်တာများလာလို့ ဘယ်လိုကစားမှန်း သဘောပေါက်တဲ့အချိန်တိုင်း ကျနော်မသိလိုက်ဘဲ ကစားနည်းပြောင်းသွားတယ်။ ကစားနည်းပြောင်းသွားမှန်း အခြားသူတွေက ဘယ်လိုသိတာလဲ။ အလိုလိုသိနေတာလား။ သိရောသိရဲ့လား၊ မသိဘဲ ကစားချင်သလို ကစားနေကြတာလား။ သူတို့လည်း ကျနော့်လိုပဲ ဘာမှမသိရင်၊ ဘာလို့ကျနော့်ကို ဝိုင်းလှောင်နေမှာလဲ။ ဝိုင်းလှောင်နေတဲ့သူတွေက တစ်ခုခုသိလိမ့်မယ်လို့ ဘာလို့ကျနော်ထင်နေတာလဲ။


နောက်တစ်ပွဲစတော့ ဒါဘာကစားနည်းလဲလို့ အရဲစွန့်ပြီး မေးကြည့်တယ်။ တစ်ယောက်တစ်မျိုး ပြန်ဖြေကြတယ်။ အချို့ကစားနည်းတွေဆို အသံတောင် ပြန်မထွက်တတ်ဘူး။ ဒီကစားနည်းက အမည်ပေါင်းများစွာရှိတာလား။ သူတို့လည်း ဘာကစားနည်းနဲ့ ကစားနေမှန်းမသိတာလား။ မတူညီတဲ့ ကစားနည်း‌တွေကို တစ်ပြိုင်တည်း ဆော့လို့ရလား။ ခုထိမသိဘဲ ဘာထိုင်လုပ်နေတာလဲလို့ ပြောသံလည်း ကြားရသေးတယ်။ ဘာထိုင်လုပ်နေမှန်း ကျနော်မသိဘူး။ ထိုင်‌နေတာရော သေချာရဲ့လား။


စားပွဲပေါ်မှာရှိသမျှ လက်လှမ်းမီသလောက်ကို လက်နဲ့ဆွဲယူပြီး အောက်ကိုတွန်းချပစ်လိုက်တယ်။


"ဘာလို့တွန်းချတာလဲ"


ဘေးပတ်လည်ကလူတွေက ကျနော့်ကိုစိုက်ကြည့်ပြီး ဝိုင်းအော်ကြတယ်။


"တွန်းချချင်လို့"


"မင်းရူးနေလား၊ မင်းမကစားတတ်ရင် အကူအညီတောင်းလေကွာ၊ အဲ့လိုတော့ ပွဲမဖျက်နဲ့လေ"


"ဘယ်သူကို အကူအညီတောင်းရမှာလဲ"


"မင်းအနောက်က ငါးကန်ထဲက လင်းပိုင်"


အခုမှ အနောက်ကိုလှည့်ကြည့်မိပြီး ငါးကန်ကိုတွေ့တယ်။ ကျနော်အကူအညီလိုနေတယ်လို့ လင်းပိုင်ကို ပြောလိုက်တယ်။ လင်းပိုင်က ပြန်မေးတယ်။


"မင်းဘာလို့ စိတ်ဆိုးနေတာလဲ"


"ကစားနည်းကို နားမလည်လို့"


"ဘယ်သူကနားလည်တယ် ထင်လို့လဲ"


"ကျနော်မဟုတ်တဲ့ တစ်ယောက်ယောက်"


"ဘယ်လိုလုပ်သိလဲ"


"ဘယ်လိုမှ မသိဘူး၊ ဒါပေမယ့် ဘယ်သူမှ ကျနော့်လိုဒေါသထွက်မနေဘူး"


"ဒေါသထွက်တိုင်း ဒေါသကိုထုတ်ပြတယ်လို့ ဘယ်လိုသိလဲ"


"မသိဘူး၊ ကျနော်အိမ်ပြန်ချင်တယ်"


"မင်းဘာလို့ဆက်ဆော့နေတာလဲ"


"ဘေးကလူတွေက ကျနော်ကိုထခွင့်မပေးလို့"


"ထခွင့်မပေးရုံနဲ့ ထလို့မရဘူးလို့ ဘယ်လိုပြောနိုင်တာလဲ"


"မပြောတတ်ဘူး။ ဒါပေမယ့် ထကြည့်တာပဲ၊ မရဘူး၊ အတင်းပြန်ဆွဲကြတယ်"


"သူတို့မှာ အတင်းပြန်ဆွဲဖို့တာဝန်ရှိတယ်"


"ဟုတ်ပြီ၊ ဘာလို့တာဝန်ရှိတာလဲ"


"အဲ့ဒါစည်းမျဉ်းပဲလေ"


"ဘယ်ကစည်းမျဉ်းလဲ"


"အဲ့လိုပဲလေ"


"ကျနော်လည်း အဲ့လိုပဲ၊ ဒီတိုင်း ဆက်ကစားနေတာ ဘာလို့မှမဟုတ်ဘူး"


"မရဘူးလေကွာ၊ ဘေးကလူတွေကို မေးကြည့်၊ ကစားနေတဲ့သူတိုင်းမှာ ကစားနေရတဲ့ အကြောင်းအရင်းရှိတယ်"


ဘာလို့ ကစားနေတာလဲလို့ ဘေးကတစ်ယောက်ကို လှည့်မေးကြည့်လိုက်တယ်။


"လိပ်ပြာဖြစ်ချင်လို့"


နောက်တစ်ယောက်ကို ဆက်မေးလိုက်တယ်။


"အမေ ဝမ်းနည်းမှာစိုးလို့"


နောက်တစ်ယောက်ကို ဆက်မေးလိုက်တယ်။


"နိုင်ရတာကြိုက်လို့"


"နိုင်ရင်ဘာလုပ်လို့ရလဲ"


"အကြွေစေ့တွေရတယ်"


"အကြွေစေ့တွေကို ဘာလုပ်လို့ရလို့လဲ"


သောက်စရာတွေတင်ထားတဲ့ ဗန်းကိုကိုင်ပြီး စားပွဲကိုပတ်နေတဲ့ ကောင်မလေးကို လှမ်းခေါ်ပြတယ်။ ဗန်းထဲကိုအကြွေစေ့တွေထည့်ပြီး အထဲကဝီစကီတစ်ခွက် ယူသောက်ပြတယ်။ ဟုတ်ပြီ၊ အကြွေစေ့ရှိရင် ဝီစကီသောက်လို့ရတယ်။ ဒါပေမယ့် ကျနော်ဝီစကီ မသောက်ချင်ဘူး။


နောက်တစ်ယောက်ကို ထပ်မေးလိုက်တယ်။


"ဘာလို့မှမဟုတ်ဘူး"


ဟုတ်ပြီ။ ဘာလို့မှမဟုတ်တဲ့သူရှိသားပဲ။ လင်းပိုင်ကိုလှည့်ပြီး မေးငေါ့ပြတယ်။ လင်းပိုင်က ပြန်မေးငေါ့ပြတယ်။ ဘာလို့မှမဟုတ်ဘူးလို့ဖြေတဲ့သူက စားပွဲကိုပတ်နေတဲ့ကောင်မလေးကို နမ်းနေတယ်။ ပြီးတော့ ဗန်းပေါ်ကဝီစကီတစ်ခွက် ယူသောက်လိုက်တယ်။ အကြွေစေ့ထည့်တာ မတွေ့လိုက်ဘူး။


"ဒါပေမယ့် ဘာလို့မှမဟုတ်ဘူးလို့ သူပြောတာပဲ"


"သူပြောတာကို မင်းယုံလား"


ကျနော်ဘာကိုယုံလဲ ကျနော်မသိတော့ဘူး။ လိပ်ပြာဖြစ်ချင်တဲ့သူကရော တကယ်လိပ်ပြာ ဖြစ်ချင်တာလား။ စားပွဲဝိုင်းက ထတာနဲ့ အမေဝမ်းနည်းမှာစိုးတာနဲ့ ဘာဆိုင်လို့လဲ။ နိုင်ချင်လို့ဆိုတဲ့သူကို ပြန်မေးကြည့်လိုက်တယ်။


"ဝီစကီက ဒီတိုင်းယူသောက်လို့ရတယ်လေ၊ အဲ့ဒါနဲ့ အကြွေစေ့ ဘာဆိုင်လို့လဲ"


"အကြွေ‌စေ့ရှိမှ ဝီစကီသောက်လို့ရတယ်လို့ ဘယ်တုန်းကပြောလို့လဲ"


"ဒါဖြင့် ဘာလို့ အကြွေစေ့နိုင်ချင်ရတာလဲ"


"အကြွေစေ့ကို လူတိုင်းလိုချင်တယ်"


"ကျနော်မလိုချင်ဘူး"


"မင်းကိုမင်း လူလို့ ဘယ်လိုသိလဲ"


"ဘယ်လိုမှ မသိဘူး"


"မင်းကလူမဟုတ်လို့ အကြွေစေ့တွေ မလိုချင်တာနေမှာပေါ့"


လူဆိုတာ ဘာလဲ။ လူတွေက ဘာလို့ အကြွေစေ့လိုချင်တာလဲ။ ဘာလို့မှမဟုတ်ဘဲ တစ်ခုခုလုပ်ချင်လို့မရဘူးလား။ ဘာလို့မှမဟုတ်မှ တစ်ခုခုကို တကယ်လုပ်ချင်လို့ရတာ မဟုတ်ဘူးလား။ အကယ်၍ အကြောင်းတစ်ခုခုရှိနေရင် အကြောင်းတစ်ခုခုကြောင့် မလုပ်ချင်ဘဲ လုပ်နေရတာလား၊ လုပ်ချင်လို့လုပ်နေတာလား ဘယ်လိုခွဲမှာလဲ။


လင်းပိုင်ကိုပြန်လှည့်ပြောလိုက်တယ်။


"ကျနော့်ဆော့ချင်လို့ ဆက်ဆော့နေတာ"


တကယ်တော့ လိမ်လိုက်တာ။ ကျနော် ဘယ်တုန်းကမှ မဆော့ချင်ဘူး။ ဘယ်လိုလုပ် မဆော့ချင်မှန်းသိလဲတော့ မပြော‌တတ်ဘူး။ ဒါပေမယ့် ကျနော်လိမ်ချင်လို့ လိမ်လိုက်တာအတွက် ဘာအကြောင်းအရင်းမှ ပေးစရာမလိုဘူး။


"ဟေး" ဆိုပြီး ဝိုင်းအားပေးသံနဲ့အတူ လက်ခုပ်သံတွေကြားရတယ်။ ကျနော့်အဖြေ မှန်သွားတာလား။ စားပွဲကိုပတ်နေတဲ့ ကောင်မလေးက ကျနော့်ကိုကဒ်ပြားလေးတစ်ခု လာပေးတယ်။ "ကိုယ့်ကိုကိုယ် ဟင်းချက်နည်း" လို့ ရေးထားတယ်။



  • ရှင်သန်ခြင်းတွေကို ဒေါသဖြူးပြီး ချွေးတွေနဲ့နှပ်ထားပါ။



  • နှလုံးလေးခါညှစ်စာ အိပ်မက်တွေကို နုတ်နုတ်စင်းထားပါ။



  • အပေါက်တွေပြန်ပိတ်ထားတဲ့ ဦးခေါင်းခွံရဲ့ တစ်ဝက်‌ပြည့်တဲ့အထိ ဆီးတွေထည့်တည်ပါ။



  • ဆီးတွေဆူလာရင် အိပ်မက်တွေကို ဦးခေါင်းခွံထဲထည့်ပါ။ ဆေးလိပ်သုံးလိပ်စာ ဆေးလိပ်ပြာတွေဖြူးပါ။ နှပ်ထားတဲ့ ရှင်သန်ခြင်းကိုထည့်ပါ။




အကယ်၍ တစ်ယောက်ယောက်က ကျနော့်ကို ဖဲကစားနည်း ရှင်းပြခဲ့ရင်၊ ကျနော်နားလည်မှာ မဟုတ်ဘူး။ ဟင်းချက်နည်းထဲမှာ ဆီးတွေကိုတည်တာ ပါလို့လားမသိ၊ ဆီးသွားချင်သလို ခံစားရလို့ ထိုင်ခုံက‌နေ ထလိုက်တယ်။


ဘယ်သူမှကျနော့်ကိုပြန်မဆွဲဘူး။ လင်းပိုင်ကို ကျနော်မေးလိုက်တယ်။


"ကျနော်ပြောလိုက်တာ မှန်သွားလို့ ထလို့ရသွားတာလား"


"မင်းပြောတာမှန်တယ်လို့ ဘယ်သူပြောလဲ"


"လက်ခုပ်ဝိုင်းတီးတယ်လေ"


"အဲ့‌လူတွေ ဘာတွေကို လက်ခုပ်တီးလဲ မင်းသိလို့လား"


"မသိဘူးလေ၊ လက်ခုပ်တီးတာ အားပေးတာမဟုတ်ဘူးလား"


"အင်းလေ၊ မှန်လို့ အားပေးတယ်လို့ ဘာလို့ထင်နေတာလဲ"


"အဲ့ဒါဆို ကျနော်ဘာလို့ထလို့ရသွားတာလဲ"


"ထလို့ရတာနဲ့ လက်ခုပ်တီးတာနဲ့ ဆက်စပ်နေတယ်လို့ ဘာလို့ထင်နေတာလဲ"


"အဲ့ဒါဆို မဆက်စပ်ဖူးလား"


"မဆက်စပ်ဖူးလို့ ဘယ်လိုလုပ်သိမှာလဲ"


"အိမ်သာဘယ်မှာရှိလဲ"


"အပေါ်ထပ်မှာ"


"ဘယ်လိုတက်ရလဲ"


"ပြတင်းပေါက်ကထွက်ရင် လှေကားရှိတယ်"


အနီးဆုံးပြတင်းပေါက်က ထွက်လိုက်တော့ ဘာလှေကားမှမတွေ့ဘူး။ ခပ်လှမ်းလှမ်းမှာ အရက်ဆိုင်တွေ့လို့၊ ပြတင်းပေါက်အပြင်က ဘောင်လေးကနေ အောက်ကိုခုန်ချလိုက်တယ်။ အရက်ဆိုင်မှာတော့ အိမ်သာရှိမှာပါ။ ကောင်းကင်ပေါ်မှာ ကြယ်တွေက ဒေါသတကြီး တောက်လောင်နေတယ်။ ကျနော်သာ ကြယ်တွေလို ဒီကမ္ဘာကြီးကို အပေါ်ကကြည့်နေရရင်၊ ဒေါသထွက်ရင်ထွက် မထွက်ရင်ငိုကြွေးနေလိမ့်မယ်။


အရက်ဆိုင်အပေါက်ဝရောက်တော့ အပေါ်အင်္ကျီမပါလို့ဆိုပြီး ကျနော့်ကိုပေးမဝင်ဘူး။ အိမ်သာကို ခဏလေးသွားချင်လို့ပါဆိုလည်း လက်မခံဘူး။ ခပ်လှမ်းလှမ်းမှာ လမ်းကြားတွေ့လို့ လမ်းကြားမှာ ဆီးသွားမယ်ဆိုပြီး ဆက်လျှောက်သွားတယ်။ ဆီးသွားဖို့ ဘောင်းဘီဇစ်ဖွင့်လိုက်တော့ အမှိုက်ပုံးထဲက အသံကြားရတယ်။


"ငါနေတဲ့နေရာကို အိမ်သာအောက်မေ့နေလား"


"အရက်ဆိုင်အပေါက်စောင့်က ကျနော့်ကိုပေးမဝင်ဘူး"


"နောက်ပေါက်ကဝင်"


"ဘယ်ကနောက်ပေါက်လဲ"


"‌ဆက်လျှောက်သွား၊ ဘေးချိုးပြီး အရက်ဆိုင်နောက်ဘက်နားလောက်ရောက်ရင်၊ အမှိုက်ပုံးနောက်တစ်ခု တွေ့လိမ့်မယ်။ အဲ့အမှိုက်ပုံးအပေါ်မှာ အိမ်သာထဲဝင်လို့ရတဲ့ ပြတင်းပေါက်ရှိတယ်။ အဲ့ပြတင်းမှန်ပြုတ်နေတယ်။ အရက်ဖိုးမရှင်းဘဲ ခိုးထွက်တဲ့သူ‌တွေ အဲ့အပေါက်ကနေ ထွက်နေကြပဲ။ အဲ၊ အမှိုက်ပုံးပေါ်တက်တဲ့အခါ ညင်ညင်သာသာတက်၊ အထဲမှာတစ်ယောက်ယောက် အိပ်ပျော်နေရင် အနှောက်အယှက်မပေးမိစေနဲ့"


သူပြောတဲ့အတိုင်း ဆက်လျှောက်သွားတော့ အမှိုက်ပုံးတွေ့တယ်။ ညင်ညင်သာသာ အဖုံးကိုဖိပြီး အပေါ်တက်လိုက်တယ်။ ပြုတ်နေတဲ့ ပြတင်းပေါက်ကနေ အထဲကိုတွဲဆင်းလိုက်တယ်။ အထဲမှာ ဆီးသွားတဲ့ကြွေအိုးတစ်ခုရှေ့ရပ်ပြီး ဆီးသွားလိုက်တယ်။


ကိစ္စပြီးတော့ လက်ဆေးကန်ကိုသွားတယ်။ လက်ဆေးတဲ့‌နေရာမှာ ဝမ်းနည်းနေတဲ့လိပ်တစ်ကောင်ကို တွေ့တယ်။ ဝမ်းနည်းနေမှန်း ဘယ်လိုသိတာလဲ။ လိပ်ရဲ့မျက်နှာက ဝမ်းနည်းနေတဲ့ပုံပေါက်နေတယ်။ ဝမ်းနည်းနေတဲ့ပုံက ဘယ်လိုပုံလဲ။ လိပ်ရဲ့မျက်နှာမှာ မျက်ရည်တွေ တစ်စက်စီ စီးဆင်းနေတယ်။ မျက်ရည်ကျနေတဲ့ သရုပ်ဆောင်တွေက တကယ်ဝမ်းနည်းနေတာလား။


"အဆင်ပြေရဲ့လား"


ဝမ်းနည်းနေတဲ့လိပ်ကို မကြည့်ရက်လို့ အညင်သာဆုံးလေသံနဲ့ မေးလိုက်တယ်။


"အဆင်ပြေမပြေကို တကယ်သိချင်တာလား၊ အဆင်‌မပြေတဲ့ပုံဖြစ်နေတာကိုကြည့်ရတာ အဆင်မပြေလို့ အဆင်ပြေနေသလို ဟန်ဆောင်ပေးစေချင်တာလား"


"နှစ်ခုလုံးပဲ"


"အဆင်ပြေ‌နေသလို ဟန်ဆောင်ပေးလို့မရဘူး"


"အိုကေ"


ငိုနေတဲ့လိပ်ကို ဘာမှဆက်မပြောတော့ဘဲ၊ လက်ဆေးဖို့ ရေပိုက်ခေါင်းဖွင့်လိုက်တယ်။ ပန်းရောင်ရေတွေ ထွက်လာတယ်။ ရေတွေကအမြဲတမ်း ပန်းရောင်ပဲလား။ လက်ဆေးပြီးတော့ တံခါးပေါက်ကနေ ပြန်ထွက်လိုက်တယ်။ မျက်နှာချင်းဆိုင်မှာ နောက်ထပ်အိမ်သာတစ်ခု။ တံခါးမှာ "လူ" လို့ရေးထားတဲ့ ကဒ်ကိုကပ်ထားတယ်။ ကျနော်ဘာအိမ်သာကို ဝင်မိတာလဲ သိချင်လို့‌ နောက်ပြန်လှည့်ကြည့်တော့ ကျနော်ထွက်လာတဲ့ တံခါးမှာ "လူများသာ" လို့ ရေးထားတယ်။


ဖွင့်ထားတဲ့သီချင်းက fabulous secret powers။ သောက်နေကြတဲ့သူတွေကို လှမ်းကြည့်လိုက်တော့ အပေါ်အင်္ကျီပါတာ တော်တော်နည်းတယ်။ ဘားထဲရောက်မှတော့ မထူးဘူး၊ တစ်ခုခုမှာမယ်ဆိုပြီး ကောင်တာမှာသွားထိုင်လိုက်တယ်။ ဘာတန်ဒါရဲ့မျက်နှာက ဆွဲထိုးချင်စရာ။


"ကော်ဖီရလား"


"နို့ခရင်ထည့်မလား"


"မထည့်ဘူး"


"ဆောရီးဗျာ၊ ခရင်ကုန်နေလို့၊ ရိုးရိုးနွားနို့ပဲ မထည့်လို့ရလား"


"အိုကေ"


"ခင်များက ရယ်လည်းမရယ်ဘူး၊ ဒီမှာကော်ဖီမရဘူး"


"အဲ့ဒါဆိုခင်များ ဘာတွေလျှောက်မေးနေတာလဲ"


"zizek's jokes ထဲကဟာသပြောချင်လို့ လျှောက်မေးနေတာ"


"ဝီစကီတစ်ခွက်လုပ်ဗျာ"


"ရေခဲမထည့်ဘူးမလား"


ဒီဟာသကိုပဲ မရိုးနိုင်သေးဘူးလား။


"ရေခဲမရှိဘူးမလား"


"ရှိတော့ရှိတယ်၊ ဒါပေမယ့် ဟာသဆက်ပြောဖို့ရင်တော့ မရှိမှရမယ်"


"ရေခဲမရှိရင် ရေမထည့်တာပဲ တစ်ခွက်ပေး"


"အဲ့လိုမှာလို့မရဘူးဗျ"


"ဘယ်လိုမှာရမှာလဲ"


"ဟိုဒေါင့်မှာ လက်ပဲဝင်လို့ရတဲ့ ပုံးလေးရှိတယ်၊ အဲ့ထဲကနေ ဘောလုံးတစ်လုံး နှိုက်လာခဲ့၊ အဲ့ဘောလုံးမှာပါတဲ့နံပါတ်ကျတဲ့ သောက်စရာပဲ ကျနော်စပ်ပေးနိုင်တယ်"


ထားပါတော့လေ၊ သူပြောတဲ့ပုံးဆီသွားလိုက်တယ်။ ပုံးဘေးမှာ ဘောင်းဘီမပါတဲ့သူတစ်ယောက် နံရံကိုမှီပြီး ရပ်နေတယ်။ သူ့ကိုဂရုမစိုက်ဘဲ ဘောလုံးတစ်လုံး နှိုက်လိုက်တယ်။ ၄၇ လို့ရေးထားတယ်။ ဘာတန်ဒါကို အဲ့ဘောလုံး ပြန်သွားပေးလိုက်တယ်။ ဘာတန်ဒါက ပန်းရောင်အရည်တွေ ဖန်ခွက်ထဲထည့်ပေးတယ်။ ထီးလေးပါ တပ်ပေးသေးတယ်။


"ပိုက်မလိုဘူးမလား"


"လိုရင်ရော"


"လိုရင်လည်းမပေးဘူး၊ သဘာဝပတ်ဝန်းကျင်အတွက် မကောင်းလို့"


သူပေးတဲ့ဖန်ခွက်ကိုသောက်ကြည့်တော့ ဘာအရသာမှမရှိဘူး။ ရေအတိုင်းပဲ။


"ဒါဘာကြီးလဲ၊ ရေအတိုင်းပဲ"


"အဲ့ဒါရေပဲလေ"


"သောက်စရာဆိုလို့ အရက်ချပေးမယ်ထင်တာ"


"ရေကသောက်စရာပဲလေ၊ ခင်များဘာသာ အဲ့နံပါတ်ကျတာတော့ ဘယ်တတ်နိုင်မှာလဲ"


"နောက်တစ်လုံးထပ်နှိုက်ရင် နောက်တစ်ခွက်ရမလား"


"တစ်ခွက်ကုန်လို့ ခွက်‌ပြန်ပေးမှ နောက်တစ်ခွက်စပ်ပေးမယ်"


"ဘာလို့လဲ"


"ခင်များနှစ်ခွက်တစ်ပြိုင်တည်း သောက်တတ်လို့လား"


"စပ်သာစပ်ပေး"


"အဖြေကမရဘူး၊ တစ်ချိန်မှာ တစ်ခွက်ပဲသောက်တာ၊ တစ်‌ခွက်သောက်လိုက် နောက်တစ်ခွက်ပြောင်းလိုက်နဲ့ ကျနော့်စပ်ထားတဲ့ သောက်စရာကို စော်ကားမယ့်အစား၊ တစ်ခွက်အပြီးသောက်ပြီးမှ နောက်တစ်ခွက်ဆက်သောက်"


"ကျနော်ရေမသောက်ချင်ဘူး"


"ကျနော်လည်း ဘာတန်ဒါလုပ်ချင်လို့ လုပ်နေတယ်ထင်နေလား"


ကောင်တာမှာ စထိုင်ကတည်းက အဲ့ကောင်ကို ဆွဲထိုးခဲ့ရမှာ။ ပုခုံးကိုတစ်ခုခုလာထိလို့ လှည့်ကြည့်လိုက်တယ်။ ဘေးကခုံမှာထိုင်နေတာက ပုံးထဲမှာဘောလုံး သွားနှိုက်တုန်းက တွေ့ခဲ့တဲ့ ဘောင်းဘီမပါတဲ့သူ။ သူက ကျနော့်ကို ပြုံးပြနေတယ်။


"တိုက်တိုက်ဆိုင်ဆိုင် ကျနော်ခွက်က ဝီစကီ၊ လုံးဝမသောက်ရသေးဘူး၊ ခင်များရေနဲ့လဲမယ်"


"လဲလို့ရတယ်လား"


"ရတယ်လေ၊ မသောက်ချင်ဝာာရရင် သောက်ချင်တာရှိတဲ့သူ လိုက်ရှာပြီး လဲရတာပဲကို"


"ပိုက်ဆံရှင်းတော့ရော"


"ထွက်ပေါက်မှာ နောက်ထပ်ပုံးတစ်ပုံးရှိတယ်၊ အဲ့မှာနှိုက်လို့ကျသလောက် ရှင်းရတယ်ပြောကြတာပဲ"


"ခင်များမရှင်းဖူးဘူးလား"


"ခင်များဝင်လာတဲ့အပေါက်ကပဲ ကျနော်ထွက်တာ"


ကျနော့်ရေကို သူ့ဘက်ထိုးပေးလိုက်တယ်။ သူကဝီစကီပြန်ပေးတယ်။ ဝီစကီမှာ ဝီစကီရောင်ရှိတယ်။ အရသာမခံဘဲမော့ချလိုက်တော့ ပူဆင်းသွားတယ်။ ခဏနေရင် နောက်တစ်လုံးယူပြီး နောက်တစ်ခွက်ထပ်မှာမယ်။ မူးလာရင် ဘာတန်ဒါကိုထိုးမယ်။


"ကျနော်ကစာရေးဆရာဗျ"


ရေနဲ့ဝီစကီလဲတဲ့သူက သူ့အပေါ်အင်္ကျီထဲက တစ်ခုခုဆွဲထုတ်ရင်းပြောတယ်။ အဲ့လူက ဘောင်းဘီသာမပါတာ၊ အပေါ်အင်္ကျီတော့ ဝတ်ထားသားပဲ။


"ဘာတွေရေးလဲ"


စိတ်ဝင်စားလို့ရယ်တော့မဟုတ်ဘူး၊ လူမှုရေးအရ ပြန်မေးလိုက်တာပဲ။ သူ့အင်္ကျီထဲကထွက်လာတာက ဆေးဘူးတစ်ဘူး။ ဆေးဘူးကို အဖုံးဖွင့်တယ်။


"ဘာတွေလျှောက်ရေးထားမှန်း ကျနော်မသိဘူး"


ဆေးဘူးထဲက ဆေးလုံးတွေကို လက်ထဲထည့်ရင်း ပြန်ဖြေတယ်။


"မသိလဲပြောသာပြော၊ ခင်များသိလည်း ကျနော်သိချင်မှသိမှာ"


ဆေးလုံးတွေကို ပါးစပ်ထဲထည့်ပြီး ရေနဲ့မျှောချတယ်။ ပြီးမှကျနော့်ကို စကားပြန်ပြောတယ်။


"ဘာတွေလျှောက်ရေးထားမှန်း ကျနော်မသိဘူးဆိုတာ ကျနော့်စာအုပ်အမည်ပဲ"


ကျနော်ခေါင်းညိတ်ပြလိုက်တယ်။


"စာအုပ်ဆိုင်မှာတွေ့ရင် ဝယ်ဖတ်ပါဦး၊ ဖတ်ပြီးလို့ ဘာတွေလျှောက်ရေးထားမှန်း သိသွားခဲ့ရင် ကျနော့်ကိုပြန်လာပြောပြပေါ့"


အဲ့လူကထပ်ဖြည့်ပြောတယ်။ ဒါပေမယ့် အလကားရရင်တောင် မဖတ်ချင်တော့ဘူး။


"နေပါဦး၊ ခင်များက ရေရမယ့်ဘောလုံးရမယ့်သူကို ပုံးနားမှာ ရပ်စောင့်နေတာလား"


"ဟုတ်တယ်လေ"


"အကယ်၍ ကျနော်သောက်ချင်တာ ခင်များဆီမှာမရှိရင် ဘယ်လိုလုပ်မလဲ"


"ခင်များသောက်ချင်တာ ရှိတဲ့သူနဲ့ ကျနော်မှာရှိတာ သွားလဲရမှာပေါ့"


"ရေလိုချင်တာများ အိမ်သာထဲက ရေပိုက်ခေါင်းကနေ သောက်လို့မရဘူးလား"


"ငိုကြွေးနေတဲ့လိပ်ကို ဘယ်သူမှမမြင်ချင်ဘူး"


လိပ်က အမြဲတမ်းငိုနေတာလား။ ဒီနေ့မှ အကြောင်းတစ်ခုခုကြောင့် ငိုနေတာလား။ ငိုချင်လို့ငိုတဲ့သူ ရှိဖူးလား။ အကယ်၍ ပိုက်ဆံမရှင်းဘဲထွက်တဲ့သူတွေ အိမ်သာထဲပြန်ဝင်ဖို့ တွန့်ဆုတ်နေအောင် လိပ်ကိုငိုခိုင်းထားတာဆိုရင်ရော။ ဒါမှမဟုတ် လိပ်ကဆိုင်ရှင်မို့လို့ ပိုက်ဆံမရှင်းဘဲ ထွက်သွားတဲ့သူတွေကို ကြည့်ပြီးငိုနေတာဆိုရင်ရော။ ဒါမှမဟုတ် အချို့လူတွေက ပိုက်ဆံမရှင်းဘဲ ထွက်သွားဖို့လိုနေရတယ်ဆိုတာ ကိုယ်တိုင်ကိုက ဝမ်းနည်းစရာ ကောင်းလွန်းပြီး ငိုကြွေးဖို့ လုံလောက်နေပါပြီ။


"ဒါနဲ့ခင်များသောက်လိုက်တာ ဘာဆေးတွေလဲ"


"အမူးပြေဆေး"


"အမူးပြေဆေးက ဘာလို့သောက်တာလဲ၊ တစ်ခုခုလုပ်စရာရှိလို့လား"


"ရှိတယ်ဗျ၊ အရက်ထပ်သောက်ချင်လို့"


"အရက်ထပ်သောက်တော့ ပြန်မူးမှာပေါ့"


"အေးလေ၊ အဲ့တော့ အမူးပြေဆေး ပြန်သောက်လို့ရတာပေါ့"


"ခင်များ ဘယ်အချိန်စာရေးလဲ"


"အမူးပြေဆေးကုန်တဲ့အချိန်၊ ဒါပေမယ့် ခင်များနဲ့ စကားမပြောချင်တော့ဘူး"


"အမူးပြေဆေးကုန်တဲ့အချိန်ဆို ခင်များ‌စောက်ရမ်း မူးနေမှာပေါ့၊ စောက်ရမ်းမူးနေတဲ့အချိန် ဘယ်လိုစာရေးလဲ"


ကျနော်ကိုအဖက်မလုပ်တော့ဘူး။ သူ့ရေသူသောက်ပြီး နောက်ထပ်ဘောလုံးတစ်လုံး သွားနှိုက်တယ်။ ဘာတန်ဒါကိုပစ်ပေးလိုက်တော့ ကော့တေးတစ်ခု စပ်ပေးတယ်။ ရတဲ့ခွက်ကိုအရသာခံပြီး ဆက်သောက်နေတယ်။ ကျနော်စိုက်ကြည့်နေလည်း အဖက်မလုပ်တော့ဘူး။ ကျနော်လည်း နောက်တစ်ခွက်သောက်မယ်ဆိုပြီး ဘောလုံးသွားနှိုက်တယ်။ ၄၇ ပဲထပ်ကျတယ်။ ၄၇ ဘယ်နှလုံးတောင် ထည့်ထားတာလဲ။ ရေတော့ထပ်မသောက်ချင်တော့ဘူး။ ဆိုင်ထဲကထွက်ချင်လာတာနဲ့ တကယ့်တံခါး‌ပေါက်ဆီကိုသွားတယ်။ ငိုကြွေးနေတဲ့လိပ်ကို ဘယ်သူမှမမြင်ချင်ဘူး။


အဝမှာ ကျနော့်ကိုအထဲ ပေးမဝင်တဲ့ကောင်ရှိတယ်။ အဲ့ကောင်က ဘောလုံးပုံးကိုပြလို့၊ တစ်လုံးနှိုက်လိုက်တယ်။ ၄၇ ပဲထပ်ကျတယ်။ ပုံးမှာကပ်ထားတဲ့ စာရွက်မှာ ၄၇ နဲ့ အပေါင်းငါးသောင်းနဲ့ကို တွဲထားတယ်။ ကျနော့်မှာ ငါးသောင်းရှိ၊မရှိ ကျနော်မသိဘူး။ ပိုက်ဆံအိတ်ရှိမရှိတောင်မသိဘူး။ စမ်းကြည့်တော့ ဘောင်းဘီအိတ်ထဲမှာ ပိုက်ဆံအိတ်တွေ့တယ်။ ပိုက်ဆံအိတ်ထုတ်ဖွင့်တုန်းမှာ အပေါက်စောင့်ကောင်က ငါးသောင်း ကျနော့်ကိုပေးတယ်။


"ဘာလို့ကျ‌နော့်ကိုပေးတာလဲ"


"၄၇ ကျတာကို"


"သုံးခါကျရင် ခင်များတို့က ကျနော့်ကိုပိုက်ဆံပေးတာလား"


"မဟုတ်ဘူး၊ တစ်ခါကျရင် တစ်ခါစာပေးတယ်"


"ပိုက်ဆံမရှင်းရဘူးလား"


"အခုရှင်းနေတာပဲလေ"


"သောက်တဲ့သူက ပေးရမှာမဟုတ်ဘူးလား"


"အနုတ်ကျမှပေးရမှာ"


ပုံးကစာရွက်ကို တစ်ချက်ပြန်ကြည့်လိုက်တယ်။ ဂဏန်းတိုင်းနီးပါးက အပေါင်းလက္ခဏာနဲ့။


"အနုတ်ကနည်းနည်းလေး၊ ခင်များတို့ မြတ်ရောမြတ်ရဲ့လား"


"ကျနော့်အလုပ်က အပေါက်စောင့်ရုံပဲ၊ အဲ့ဒါတွေစိတ်မဝင်စားဘူး"


"ဒါနဲ့ကျနော့်ကိုအပေါ်အင်္ကျီမပါလို့ ခင်များပေးမဝင်တာကို မှတ်မိလား"


"မှတ်မိတယ်"


"အခုနှင်မထုတ်ဘူးလား"


"ခင်များဘာသာထွက်နေပြီပဲ၊ နှင်ထုတ်စရာမှ မလိုတာ"


"ခင်များပေးမဝင်တဲ့သူတွေ အနောက်ပေါက်နေ ဝင်ကြတယ်ဆိုတာ ခင်များသိလား"


"အဲ့အမှိုက်ပုံးကိုကျနော်ကိုယ်တိုင် ရွှေ့ပေးထားတာပဲကို"


"ဒါဖြင့် ခင်များဘာကိစ္စအပေါက်စောင့်နေသေးလဲ"


"ဘောလုံးတစ်လုံးပြန်ပေးဦး၊ ခင်များနှိုက်ပြီး ဘာတန်ဒါကိုပြန်မပေးတဲ့တစ်လုံး"


"မပေးရင်ရော"


"ခင်များကိုချုပ်ပြီး လုရလိမ့်မယ်"


အဲ့ကောင်ချုပ်တာမခံချင်လို့ ဘောလုံးကိုပြန်ပေးလိုက်တယ်။


"အဲ့ဘောလုံး‌ပြန်တောင်းဖို့ အပေါက်စောင့်နေတာလား"


"အဲ့လိုလည်းပြောလို့ရတယ်၊ ပြီးတော့ ကျနော်ပေးမဝင်မှ ခင်များတို့နောက်ပေါက်ကနေဝင်ကြမှာ"


"နောက်ပေါက်ကဝင်တော့ဘာဖြစ်လဲ"


"ဆိုင်ရှင်က အနောက်ကအိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်နေတာ၊ အပေါက်သေးသေးလေးထဲကို ခင်များတို့တွေ တိုးဝင်သွားကြတာကို ကြည့်ရတာ အရမ်းရယ်ရတယ်"


"သူရယ်ရဖို့သက်သက် ခင်များအပေါက်စောင့်နေတာလား"


"မဟုတ်ဘူး၊ ကျနော့်ဘာသာရယ်ချင်လို့"


"ခင်များကမြင်လည်းမမြင်ရဘဲ ဘယ်လိုရယ်လဲ"


"ကျနော့်သူငယ်ချင်းက အဲ့အ‌နောက်က အမှိုက်ပုံးထဲမှာနေတယ်၊ သူအိပ်နေတဲ့အချိန် မူးနေတဲ့ကောင်တွေ သူ့အမှိုက်ပုံးပေါ်ခုန်ချရင် ဘယ်လောက်ရယ်စရာ ကောင်းမယ်ထင်လဲ"


"နေပါဦး၊ ခင်များကပေးပဲမဝင်တာလေ၊ ပေးမထွက်တာမှမဟုတ်တာ"


"နောက်ပေါက်ကဝင်ဖူးရင် နောက်ပေါက်ကထွက်ရတာ မခက်တော့ဘူး"


"ဒါနဲ့လိပ်ကဘာလို့ငိုနေတာလဲ"


"နောက်ပေါက်ထွက်မယ့်သူတွေကို နှောက်ယှက်ချင်လို့တော့ မဟုတ်ဘူး"


"ဘယ်လိုလုပ်သိလဲ"


"အိမ်သာတံခါးကိုသော့ခတ်ထားလည်း အဲ့လိပ်ကအဲ့မှာငိုနေတုန်းပဲ"


"လိပ်ကဘာမှမစားဘဲဘယ်လိုအသက်ရှင်လဲ"


"အရက်ဆိုင်မှာ စားစရာမှာလို့ရတယ်လေ"


"သောက်စရာလို ဘောလုံးမနှိုက်ရဘူးလား"


"ကိုယ်‌စားချင်တာပဲ ကိုယ်မှာမှာပေါ့"


"ကိုယ်သောက်ချင်တာ ကိုယ်မှာလို့မရဘူးလား"


"ရတယ်၊ ဒါပေမယ့် ဘာတန်ဒါက ကျပန်းကျတာကိုပဲ စပ်ပေးချင်တာ"


ကျနော့်နောက်မှာ နောက်ထပ်ထွက်မယ့်လူတစ်ယောက် လာရပ်တယ်။ ပြောစရာလည်းမရှိတော့တာနဲ့၊ အပေါက်စောင့်ပေးတဲ့ငါးသောင်းကို ပိုက်ဆံအိတ်ထဲထည့်ပြီး အပြင်ထွက်လာတယ်။ နေပါဦး၊ အမှိုက်ပုံးပေါ် ညင်ညင်သာသာတက်လို့ ပြောတဲ့သူက အမှိုက်ပုံးထဲမှာ နေတဲ့သူရဲ့ဒုက္ခတွေကို တော်တော်နားလည်တဲ့ပုံပဲ။ သူနဲ့များသိလားမသိဘူး။ ပထမဆုံးတွေ့ခဲ့တဲ့အမှိုက်ပုံးဆီသွားပြီး အဖုံးကိုခေါက်လိုက်တယ်။ တုံ့ပြန်သံမရလို့၊ ပုံးကိုကန်လိုက်တယ်။


"လီးမို့လို့ အိပ်နေတာကို နှောက်ယှက်ရတာလား"


"ဆောရီးဗျာ၊ သိချင်တာရှိလို့၊ အပေါက်စောင့်ရဲ့ သူငယ်ချင်း ဟိုဘက်အနောက်က အမှိုက်ပုံးထဲနေတဲ့သူကို ခင်များသိလား"


"သိတာပေါ့၊ အဲ့ဒါငါပဲလေ"


"ခင်များက အခုဒီမှာနေနေပြီလေ၊ အဲ့မှာဘယ်သူမှမရှိတာကို ဘာလို့ညင်ညင်သာသာတက်ခိုင်းတာလဲ"


"အသစ်တစ်ယောက်ယောက် နေနေရင်ဆိုပြီး အဲ့တစ်ယောက်အတွက် မစဉ်းစားပေးဘူးလား၊ ဘယ်စဉ်းစားမလဲ၊ မင်းအတွက်ပဲ မင်းစဉ်းစားတာကို"


"ဒါနဲ့အပေါက်စောင့်က ခင်များနေရာပြောင်းနေတာကို မသိဘူးလား"


"သိတယ်လေ"


"သိရင် ခင်များအမှိုက်ပုံးပေါ် မူးနေတဲ့ကောင်တွေ ခုန်ချတာစဉ်းစားပြီး ဘယ်လိုရယ်လဲ"


"ငါအဲ့မှာနေနေတုန်းပဲလို့ စိတ်ကူးယဉ်ရင်ယဉ်မှာပေါ့၊ တကယ်တော့ စိတ်ကူးယဉ်စရာတောင် မလိုဘူး၊ မင်းအခုငါ့ကို ဘာလာလုပ်နေတယ်ထင်လို့လဲ"


အာ၊ ဟုတ်သားပဲ။ အဲ့လိုဖြစ်အောင် အပေါက်စောင့်က တမင်စီစဉ်ထားတာလား။ ဒါပေမယ့် ဒီပုံးထဲကသူကို လာမေးဖို့က ကျနော့်ဘာသာ စိတ်ကူးတာမလား။ အဲ့လိုစိတ်ကူးဖို့ အပေါက်စောင့်က လှည့်စားသွားတာလား။ အမှိုက်ပုံးထဲ နေတဲ့သူအကြောင်းက ကျနော်မေးလို့သာသူပြောရတာ။ ကျနော်မေးအောင် သူလှည့်စားတာဆိုရင်ရော။ အကယ်၍နှောက်ယှက်ချင်ရုံသက်သက်ဆို အခြားပိုလွယ်ကူတဲ့နည်းရှိရင်ရှိမှာပေါ့၊ အမှိုက်ပုံးကိုကန်မှ ဝင်ခွင့်ပေးမယ်စသဖြင့်။ ပိုလွယ်ကူတဲ့နည်းရှိရုံနဲ့ ပိုခက်တဲ့နည်းကို မလုပ်ရဘူးလို့ရှိလို့လား။


ကျနော်ဘယ်သွားရမလဲ ကျနော်မသိဘူး။ အမှိုက်ပုံးကိုမှီပြီး ထိုင်ချလိုက်တယ်။ အမှိုက်နံ့တွေတော့ရတယ်။ ကျနော်တို့အားလုံးက ဘုရားစွန့်ပစ်ထားတဲ့ အမှိုက်တွေလား။ ဘုရားကိုရော ဘယ်သူစွန့်ပစ်ခဲ့သေးလဲ။ တစ်ခါတစ်လေ ဘုရားလည်း အမှိုက်ပုံးကိုမှီပြီး ထိုင်ချမိလိမ့်မယ် ထင်ပါရဲ့။


လူတစ်ယောက်က ကုတ်ချောင်း‌ကုတ်ချောင်းနဲ့ အမှိုက်ပုံးဘေးကိုရောက်လာတယ်။ ဘောင်းဘီဇစ်ဖြုတ်ပြီး အပေါ့သွားမလို့လုပ်နေတယ်။


"အရက်ဆိုင်ထဲဝင်ချင်ရင် အနောက်ဘက်က အမှိုက်ပုံးကနေ ပြတင်းပေါက်ထဲကျော်ဝင်လို့ရတယ်"


ဘာလို့ကျနော်ပြောမိလဲ မမှတ်မိဘူး။ အမှိုက်ပုံးထဲက ဘယ်သူပဲဖြစ်ဖြစ် ကျနော့်ကိုပြောခဲ့တာကို ပြန်ပြောပေးဖို့ တာဝန်ရှိသလိုခံစားရလို့ ဖြစ်ရင်ဖြစ်မယ်။ အမှိုက်ပုံးထဲကသူက အိပ်ပျော်သွားတာလား၊ တားရတာစိတ်ကုန်လာလို့ မတားတော့တာလား။


"အခုပဲ အရက်ဆိုင်ထဲကထွက်လာတာ၊ ပြီးရင် ပြန်သွားသောက်မှာ"


ငိုကြွေးနေတဲ့လိပ်ကို ဘယ်သူမှမမြင်ချင်ဘူး။ အပေါ့သွားတဲ့အသံ ကြားရတယ်။ ခဏနေတော့ ဇစ်ပြန်ပိတ်သံကြားရတယ်။ အဲ့လူက‌အရက်ဆိုင်ဘက် ပြန်လှည့်သွားတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေရတာကိုလည်း မလုပ်ချင်ဘူး။ အခြားလုပ်စရာလည်းမရှိဘူး။ ဒီတစ်ခါ အပေါ့သွားချင်လာရင် ထိုင်နေတဲ့အတိုင်း ဘောင်းဘီဇစ်တောင်မဖွင့်တော့ပဲ အပေါ့သွားလိုက်မယ်။


"အိပ်ဆေးယူမလား"


အမှိုက်ပုံးထဲကအသံထွက်လာတယ်။ သူနေတဲ့အမှိုက်ပုံးကို အမြဲနှောက်ယှက်ခံနေရတဲ့သူမှာ အိပ်ဆေးရှိတာမထူးဆန်းဘူး။


"ခင်များအိပ်ပျော်နေပြီ မှတ်တာ၊ ခင်များက ခုနကလူကိုကျ မတားဘဲ ကျနော်ကိုဘာလို့တားတာလဲ"


"မမှတ်မိတော့ဘူး၊ အဲ့ကောင်ကိုတားလည်း ရမှာမှမဟုတ်တာ"


"အိပ်ဆေးယူမယ်"


ခဏနေတော့ အမှိုက်ပုံးအဖုံးနည်းနည်းဟပြီး ဆေးလုံးတွေထွက်ကျလာတယ်။ ပြီးတော့ အမှိုက်ပုံးအဖုံးပြန်ပိတ်သွားတယ်။ အမှိုက်တွေကြားက ဆေးလုံးတွေကို ကျနော့်ပါးစပ်ထဲ ကောက်ထည့်လိုက်တယ်။ ဘာတွေတွေးနေမှန်းမသိတဲ့ အတွေးတွေက မြူတစ်ဖြည်းဖြည်းဆိုင်းလာတယ်။ လေတွေက လေးပင်လာတယ်။ မျက်ခွံတွေက မျက်လုံးတွေအပေါ် ရွေ့ဆင်းလာတယ်။


ကျနော်ကလိပ်။ ငိုကြွေးနေတဲ့လိပ်။ ရတနာစောင့်နဂါးဆိုတာက အိမ်သာစောင့်ငိုကြွေးနေတဲ့လိပ်ကို တင်စားတာဖြစ်လိမ့်မယ်။ အကူအညီတောင်းဖို့ ပြောတဲ့ လင်းပိုင်က ဘာအကူအညီမှ မပေးဘူး။


"ကျနော်ငိုနေတာကို ရပ်လို့မရဘူးလား"


"ရေကူးစရာ မျက်‌ရည်တွေမရှိတော့ရင် ငါးတွေကုန်းပေါ်တက်ရမှာလား"


လင်းပိုင်ကပြန်ဖြေတယ်။


"ငါးတွေကုန်းပေါ်တက်ပြီးပြီမလား"


"မဟုတ်ရင် မျက်ရည်တွေ ဘယ်ကရောက်လာတယ်ထင်လို့လဲ"


ဆင့်ကဲဖြစ်စဉ်က ဝမ်းနည်းမှုဆီ ဦးတည်နေတာလား။ ကျနော်ငို‌နေတာကို မြင်ရတယ်လို့ ပြောစမ်းပါ။ ကျနော်နားမကောင်းတာလား။ ခင်များစကားမပြောတတ်တာလား။ ကျနော်ငိုနေတာကို ခင်များမမြင်တာလား။ ကျနော်ငိုမနေတာလား။ စကားပြန်ပြောဖို့ ခင်များရော တကယ်ရှိရဲ့လား။ ကျနော် ငိုနေဖို့၊ ဒါမှမဟုတ် ငိုမနေဖို့ ‌ကျနော်ရော တကယ်ရှိရဲ့လား။ ငိုကြွေးနေတဲ့လိပ်ကို ဘယ်သူမှမမြင်ချင်ဘူး။


အမှိုက်ပုံးကိုမှီပြီး ကျနော်ငိုနေတယ်။ ဘာလို့ငိုနေလဲ မမှတ်မိဘူး။ အမှိုက်ပုံးကိုဘာလို့မှီနေလဲ မမှတ်မိဘူး။ ကောင်းကင်ထက်မှာ နေလုံးက ပူလောင်ပေါက်ကွဲနေတယ်။ ဒီကမ္ဘာအတွက် ဒေါသက သဘာဝအကျဆုံး ခံစားချက်ဖြစ်ရင်ဖြစ်မှာပေါ့။ ဘာလုပ်ရမှန်းမသိဘဲ ကျနော်ထလာတယ်။


ထလက်စနဲ့ လမ်းမဘက်ထွက်လာပြီး၊ ရောက်ရာပေါက်ရာ ဆက်လျှောက်နေမိတယ်။ ခပ်လှမ်းလှမ်းမှာ လူတွေရပ်နေတာတွေ့တယ်။ ဘာများလဲလို့ စပ်စုချင်လာတာနဲ့ အနားကိုသွားကြည့်တယ်။ လူတွေကနာရီစင်တစ်ခုကို မော့ကြည့်နေကြတာ။


"မှန်လိုက်တဲ့နာရီဗျာ" လို့ လူတွေဝိုင်းပြောနေကြတယ်။ အဲ့ဒါနဲ့နာရီစင်ကို သေချာကြည့်ကြည့်တော့ ၉ နာရီအတိကို ပြနေတယ်။ အခု ၉ နာရီဖြစ်မယ်ထင်တယ်။ ကျနော်အနားရောက်လာလို့လားမသိ၊ အဲ့လူတွေက လမ်းကူးသွားကြတယ်။ အခုမှ ကြည့်မိတယ်၊လမ်းတစ်ခြားဖက်မှာလည်း နာရီစင်တစ်ခုရှိတယ်။ လူတွေက အဲ့နာရီစင်ကို မော့ကြည့်ပြီး ဝိုင်းဆဲနေကြတယ်။


"ငါလိုးမ စောက်တလွဲနာရီ"


"လီးတွေလျှောက်ပြနေတာလား"


"မင်းမေလိုးနေလို့ စောက်ချိန်ကို စောက်တလွဲပဲ ပြနေတာလား"


ဝိုင်းဆဲနေကြတဲ့နာရီကိုမော့ကြည့်တော့ ၈ နာရီ ၅၀ မိနစ်။ မနေသာတော့တာနဲ့ လမ်းလိုက်ကူးပြီး ကျနော်ဝင်ပြောမိတယ်။


"ခင်များတို့ကလည်းဗျာ၊ ၁၀ မိနစ်ပဲနောက်ကျတာကို ဘာလို့အဲ့လောက်ဆဲနေရတာလဲ"


"မင်း‌မေလင်နာရီကအခုမှ မှားတာမဟုတ်ဘူး၊ မနေ့ကလည်းမှားတယ်၊ ငါမင်္ဂလာဆောင်တဲ့နေ့ကလည်း မှားတယ်။ မင်းအဖေသေတဲ့နေ့လည်း မှားမှာပဲ"


"ဒါပေမယ့် ၁၀ မိနစ်‌ထပ်‌ပေါင်းလိုက်ရင် ရပြီမဟုတ်ဘူးလား"


"လီးမို့လို့ပေါင်းရမှာလား၊ မင်းမေလင်မှားတိုင်း ငါကလိုက်ပြင်နေရမှာလား"


ဘာပြန်ပြောရမှန်းမသိတာနဲ့ ဒီတိုင်း ဆက်ကြည့်နေလိုက်တယ်။ ခဏနေတော့ အဲ့လူတွေ ဆဲလို့ဝလို့ထင်တယ်၊ တစ်ယောက်ပြီးတစ်ယောက် အဝေးကိုထွက်သွားကြတယ်။ ကျနော်ကတော့ သွားစရာမရှိတာနဲ့ အဲ့နားပဲဆက်ရပ်နေမိတယ်။


"ကျနော့်ဘက်ကပြောပေးတဲ့အတွက် ကျေးဇူးဗျာ"


အပေါ်ကအသံကြားလို့မော့ကြည့်လိုက်တယ်။ နာရီစင်ကလွဲပြီး ဘာမှမတွေ့ဘူး။


"နာရီစင်က စကားပြောတတ်လား၊ ကျနော်စိတ်က ထင်ယောင်ထင်မှားဖြစ်နေတာလား"


"ဘာကွာလို့လဲ"


အင်းနော်။


"ဒါနဲ့ နာရီစင်က ၁၀ မိနစ်နောက်ကျနေမှန်း သူတို့ဘယ်လိုသိလဲ"


"ဖုန်းမှာနာရီပါတယ်လေ"


"လူတိုင်းမှာဖုန်းရှိလား"


"ရှိတယ်၊ လူတိုင်းနီးပါးပဲ"


"ဘယ်လိုလုပ် ရှိတာလဲ"


"အဲ့လိုပဲလေ၊ လူတိုင်းက ဘယ်လိုလုပ် အဝတ်အစား ဝတ်ထားကြတာလဲ၊ လူတိုင်းက ဘယ်လိုလုပ် စကားပြောတတ်ကြတာလဲ၊ လူတိုင်းက ဘယ်လိုလုပ် ခြေနှစ်ချောင်း‌နဲ့ လမ်းလျှောက်ကြတာလဲ၊ လူအများစုက ဂဏန်းတွေကို အမြဲဆောင်ထားရင် အခြားသူတွေလည်း ဂဏန်းတွေလိုက်ဆောင်လိမ့်မယ်"


"ကျနော့်မှာလည်းရှိတာပေါ့"


"ရှိရင်ရှိမှာပေါ့"


ပိုက်ဆံအိတ်ထည့်ထားတဲ့အိတ်မဟုတ်တဲ့ နောက်ဘောင်းဘီအိတ်ကိုစမ်းကြည့်တော့ ဖုန်းကိုကိုင်မိတယ်။ ထုတ်ကြည့်‌လိုက်တော့၊ ၉ နာရီ ၇ မိနစ်။ နာရီစင်ကိုမော့ကြည့်တော့ ၈ နာရီ ၅၆ မိနစ်။


"ခင်များက အမြဲ ၁၁ မိနစ်မှားနေတာလား၊ အချိန်ကြာရင် ကြာသလောက် မှားနေတာလား"


"ခင်များတို့ ဖုန်းတိုင်းက မှားပြီး၊ ကျနော်တစ်ယောက်ပဲ မှန်နေတာရော မဖြစ်နိုင်ဘူးလား"


"ခင်များပြောတာက ကျနော်မေးတာနဲ့ တစ်ခြားစီပဲ"


"ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား"


"ဖြစ်နိုင်တယ်။ ကျနော်ပြန်ပြင်မေးမယ်၊ ဖုန်းနာရီထက် ခင်များက ၁၁ မိနစ်အမြဲ‌နောက်ကျနေတာလား၊ ခင်များရဲ့နှုန်းကိုက နှေးနေလို့၊ တဖြည်းဖြည်း ပိုပိုနောက်ကျလာမှာလား"


"အခုချိန်မှာ ကျနော်က ၂၃ နာရီနဲ့ ၄၉ မိနစ် မြန်နေတာ"


"မြန်တိုင်းကောင်းတာမဟုတ်ဘူးလေဗျာ"


"တူတိုင်းကောင်းတာလို့ရော ခင်များပြောနိုင်လို့လား"


"ထားပါတော့၊ ကျနော်သိချင်တာကို ခင်များမဖြေသေးဘူး၊ ခင်များအချိန်ပြောင်းတဲ့နှုန်းနဲ့ ဖုန်းနာရီအချိန်ပြောင်းတဲ့နှုန်းတူလား၊ မတူဘူးလား"


"တူတဲ့အချိန်တူပြီး၊ မတူတဲ့အချိန်မတူဘူး"


"ဘယ်အချိန်ပိုများလဲ"


"ဘယ်သိမလဲ၊ ခင်များဘာသာ စောင့်ကြည့်ချင်ကြည့်ပေါ့"


"ခင်များမသိဘူးလား"


"အတတ်နိုင်ဆုံးတော့တူအောင် ညှိနေတာပဲ၊ အကယ်၍တူနေခဲ့ရင် ကျနော်ဘယ်တော့မှ မှန်တော့မှာမဟုတ်ဘူး"


"နှုန်းတူရင် အချိန်ပါတူအောင် ထပ်ညှိရုံပဲကို"


"နှုန်းတူနေရင် ဘယ်လိုလုပ်အချိန်တူအောင် ညှိလို့ရမှာလဲ"


"ခဏရပ်ပြီး အချိန်တူမှပြန်လည်လို့မရဘူးလား"


"ခဏရပ်လိုက်တာနဲ့ နှုန်းမတူတော့ဘူး"


"နှုန်းခဏမတူလို့မရဘူးလား"


"အခုရော တူနေလို့လား၊ နှုန်းတူခိုင်းတာလည်း ခင်များပဲ၊ မတူဖို့ပြောတာလည်း ခင်များပဲ၊ ဟိုလူတွေနဲ့အတူ ဆဲပဲ‌ဆဲနေလိုက်တော့ပါလား"


"ဟာ၊ ခင်များအဆဲမခံရအောင် စေတနာနဲ့ ကူညီပေးတာကို"


"တကယ် အဆဲမခံရအောင် ကူညီချင်ရင် ‌ခင်များဖုန်းမှာ ၉ နာရီပြတဲ့အချိန်၊ ဟိုလူတွေရောက်လာတဲ့အထိစောင့်ပြီး၊ အဲ့လူတွေကို ရိုက်သတ်လိုက်"


"ကျနော်လူမသတ်ချင်ဘူး"


"မကူညီချင်ရင် မကူညီချင်ဘူးပေါ့၊ ခင်များတို့လူတွေက စောက်စကားကို ရှင်းအောင်မပြောတတ်တာလား"


"ထားပါတော့ဗျာ၊ ခင်များအချိန်မှန်ကိုရော ပြချင်ရဲ့လား"


"ဟိုလူလိုးမသားတွေ လာလာဆဲနေသရွေ့တော့ အချိန်မှန်ကိုပြချင်လား မပြချင်လား ဘယ်တော့မှ သိမှာမဟုတ်ဘူး၊ အချိန်မှန်ပြချင်တယ်ဆိုရင် အဲ့ကောင်တွေဆဲတာမခံချင်လို့ ပြချင်တယ်ဖြစ်ရင်ဖြစ်မှာ၊ မပြချင်ဘူးဆိုရင်လည်း အဲ့ကောင်တွေကို အရွဲ့တိုက်ချင်တာဖြစ်ချင်ဖြစ်မှာ၊ ကျနော်ဘာလုပ်ချင်လဲဆိုတာ သိလို့မရတော့ဘူး"


"လာဆဲတဲ့သူတွေကို ကျနော်ရိုက်သတ်ပေးချင်တယ်"


"ကျနော်ပြောလို့ ရိုက်သတ်ချင်တာလား၊ ခင်များဘာသာ ရိုက်သတ်ချင်တာလား ဘယ်လိုလုပ်သိမှာလဲ"


"မသိဘူး၊ အနည်းဆုံး ခင်များအဆဲမခံရတော့ဘူးပေါ့"


"အဆဲမခံရတဲ့အခါ အချိန်ကိုကျနော်ပြချင်သလို ပြနေရင်၊ အဆဲမခံရလို့ ဖုန်းနာရီနဲ့တူအောင် မလုပ်တော့တာလား၊ စကတည်းက မလုပ်ချင်လို့ မတူတာလား သိတော့မှာမဟုတ်ဘူး"


"အဲ့တော့ ကျနော်ဘာလုပ်ပေးရမလဲ"


"လုပ်ချင်တာသာလုပ်ဗျာ"


ကျနော်ဘာလုပ်ချင်မှန်း ကျနော်မသိဘူး။ ကျနော်ဘာမလုပ်ချင်မှန်းလည်း ကျနော်မသိဘူး။ ခင်များဘာလုပ်ချင်လဲ ခင်များသိလား။ ဖိနှိပ်မှုတွေရှိနေရင် ဘယ်တော့မှသိမှာမဟုတ်ဘူး။ ဖိနှိပ်မှုတွေမရှိခဲ့ရင်ရော သိလာမှာလား။ လေဟာနယ်ထဲမှာ လွင့်မြောနေမှာလား။ အဆက်မပြတ် ဘာအဓိပ္ပာယ်မှမရှိတဲ့ စကားလုံးတွေ အော်ဟစ်ပစ်ချင်တယ်။ ဘာအဓိပ္ပာယ်မှမရှိတဲ့ စကားလုံးရှိလား။


"ကျနော်အပေါ့သွားချင်တယ်"


"သွားလေ"


"အိမ်သာဘယ်နားမှာရှိလဲ"


"အိမ်သာမဟုတ်ရင် အပေါ့သွားလို့မရဘူးလား"


"ရတယ်၊ ဒါပေမယ့်၊ လူမြင်မှာပေါ့"


"လူတွေက အဲ့ထက်ညစ်ညမ်းတဲ့ ကိစ္စတွေကို လူမြင်ကွင်းမှာ လုပ်မနေကြတာကျနေတာပဲ"


နာရီစင်ထဲမှာ အိမ်သာရှိခဲ့ရင် အဲ့ကိုမသွားချင်ဘူး။ တစ်နေရာရာမှာတော့ အိမ်သာရှိမှာပါ။ အရက်ဆိုင်မှာရှိတယ်။ ဘာတန်ဒါကို ကျနော်ပြန်မမြင်ချင်ဘူး။ ကျနော့်မျက်လုံးတွေကို ကျနော်နှိုက်ထုတ်လိုက်တယ်။ ဘယ်လိုခံစားရလဲသိချင်ရင်၊ ခင်များမျက်လုံးကို ခင်များနှိုက်ထုတ်ဖို့ ဘယ်အရာကမှ တားမနေဘူး။ ဒီစာကိုဆက်ဖတ်ဖို့ ခင်များမျက်လုံးတွေ မလိုဘူး။ မျက်လုံးတွေရှိရင်ရော ဖတ်လို့ရလို့လား။ ကျနော်နောက်ဆုံးမြင်လိုက်ရတာ လမ်းတစ်ဖက်က မှန်တယ်ဆိုတဲ့ နာရီစင်ပဲ။ ၉ နာရီကိုပြနေတုန်းပဲ။


ဘယ်သွားရမှန်း ဘယ်တုန်းကမှမသိ၊ ဘာလုပ်ရမှန်း ဘယ်တုန်းကမှမသိတဲ့သူတစ်ယောက်အတွက်၊ မျက်လုံးတွေရှိရှိ၊ မရှိရှိ ဘာမှမထူးဘူး။ အကယ်၍ မျက်လုံးတွေမရှိခဲ့ရင်လည်း ဖဲကစားလို့ရတယ်။ မျက်လုံးတွေရှိခဲ့ရင်လည်း ဘာတွေပြနေမှန်း မသိတာတွေကို မြင်လို့ရမှာမဟုတ်ဘူး။ ဘာပဲဖြစ်နေဖြစ်နေ၊ ဝမ်းနည်းနေတဲ့လိပ်ကို ကျနော်မြင်ချင်တယ်။ ဝမ်းနည်းနေတဲ့လိပ်ကို ကျနော်မြင်ရတယ်။ ကျနော်က ဘယ်သူမှမဟုတ်ဘူး။ ဘာတန်ဒါကိုတော့ ...


book.svg

Songs And Stories
Made With Love And Svelte