an unexpected guest
ဖယောင်းတိုင်အလင်းရောင်က မှိန်ပျပျ။ ထိုင်ခုံမှာထိုင်နေတဲ့ ကျနော့်ရဲ့အရိပ်က နံရံပေါ်မှာမှုန်ဝါးဝါး။ ပြတင်းပေါက်မှာ ကပ်နေတဲ့မိုးစက်လေးတွေ လိမ့်ဆင်းလာတာကို ဝေဝေဝါးဝါးမြင်ရတယ်။ အပြင်မှာ မိုးဖွဲဖွဲရွာနေတုန်းပဲ။ အထီးကျန်စရာ မှောင်မိုက်တဲ့ညတွေဟာ အထူးအဆန်းတော့မဟုတ်။
ဟိုးအဝေးကြီးကနေ တစ်ခုခုကို ခေါက်တဲ့အသံ ကြားရသလိုပဲ။ တံခါးခေါက်သံလိုလို။ သေမင်းက ကျနော့်တံခါးရှေ့ကိုရောက်လာပြီလား။ အသံက တဖြည်းဖြည်း ကျယ်လာတယ်။ အာရုံပြန်ဝင်လာတော့မှ တစ်ယောက်ယောက် တံခါးကိုလာခေါက်နေမှန်း သတိထားမိတယ်။ ဧည့်သည်တစ်ယောက်ယောက် ရောက်နေတာပဲ။
တံခါးထဖွင့်ဖို့ထလိုက်တော့မှ မလှုပ်ဘဲထိုင်နေတာကြာတဲ့ ခြေထောက်က ထုံနေတယ်။ ရှေ့ကစားပွဲပေါ်လက်ထောက်ပြီး ခြေထောက်ကို ဖြည်းဖြည်းချင်းရွှေ့ကြည့်တယ်။ နည်းနည်းလှုပ်လို့ရလာမှ ဖယောင်းတိုင်မီးထွန်းထားတဲ့ သံဘူးခွံကိုကိုင်ပြီး အိမ်တံခါးဝဆီ တဖြည်းဖြည်းလှမ်းလာတယ်။ တံခါးဖွင့်လိုက်တော့ တိုးဝင်လာတဲ့ လေအေးက ဖယောင်းတိုင်မီးကို ငြှိမ်းမိမလိုဖြစ်တာနဲ့၊ လက်နဲ့အုပ်ကွယ်လိုက်တယ်။ တံခါးဝမှာ လူပုံအရိပ်တစ်ခု။ မိုးရေစိုလို့ တုန်နေတယ်ထင်တယ်။
ဝင်လာခဲ့ပါဆိုတဲ့သဘောနဲ့ တံခါးဖွင့်ထားပြီး နောက်ဆုတ်ဖိတ်ခေါ်လိုက်တယ်။ မိုးရေထဲကဧည့်သည်က သူ့ဗိုက်သူဖိပြီး အိမ်ထဲကို ဖြည်းဖြည်းချင်းဝင်လာတယ်။ ကုလားထိုင်ရှိတဲ့ဘက်ကို မီးပြလိုက်တော့ တစ်လှမ်းချင်းအိမ်ထဲဆက်ဝင်သွားတယ်။ အမှောင်ထဲမှာယိမ်းနေတဲ့ သစ်ခက်သစ်လက်တွေ။ တံခါးပြန်ပိတ်လိုက်မှ ဖယောင်းတိုင်မီးက ပြန်ငြိမ်လာတယ်။
ဖယောင်းတိုင်မီးကိုင်ပြီး ကုလားထိုင်နားက စားပွဲဆီကိုတစ်လှမ်းချင်း ပြန်သွားလိုက်တယ်။ ဧည့်သည်ကထိုင်ခုံပေါ်ကနေ ရှေ့ကိုညွတ်ကျနေတယ်။ ရှုပ်ပွနေတဲ့ ဆံပင်တွေက မိုးရေစိုရွှဲလို့။
"ဟေ့လူ၊ အဆင်ပြေရဲ့လား"
"..."
"ခဏနေဦး၊ သုတ်စရာအဝတ် သွားယူလိုက်မယ်"
ဖယောင်းတိုင်ကို စားပွဲပေါ်ထားခဲ့ပြီး အိမ်အထဲဘက်ကို ဝင်လာခဲ့တယ်။ အလင်းရောင်မရှိသလောက်ဆိုပေမယ့် နေ့တိုင်းနေနေတဲ့ နေရာဆိုတော့ မျက်နှာသုတ်ပုဝါလှမ်းထားတဲ့ ကုတင်တန်းဆီလျှောက်သွားဖို့ မခက်ဘူး။ မျက်နှာသုတ်ပုဝါယူပြီး ဧည့်သည်ဆီပြန်လာခဲ့တယ်။ ကျင်နေတဲ့ခြေထောက်က ပုံမှန်ပြန်ဖြစ်ခါစပြုနေပြီ။
"ဟေ့လူ ဆံပင်လေးပါလေး ရေသုတ်ဦး"
မျက်နှာသုတ်ပုဝါကိုသူ့မျက်နှာရှေ့ ထိုးပေးထားလိုက်တယ်။ စက္ကန့်နည်းနည်းကြာတဲ့အထိမယူ။ ပုခုံးကိုကိုင်ဖို့ပြင်တော့မှ တုန်တုန်ချိချိနဲ့ ပုဝါကိုလှမ်းယူတယ်။ ခေါင်းကိုသုတ်ရမယ့်အစား၊ ဗိုက်ကိုဖိကပ်လိုက်တယ်။ ပုဝါကနီညိုရောင်လိုလို၊ အမဲရောင်လိုလိုအရည် တစ်ခုခုကိုစုပ်ယူလိုက်တယ်။
"ဟေ့လူ၊ ဒါဏ်ရာရထားတာလား"
ကျနော့်ကို တစ်ယောက်ယောက်က လိုက်သတ်နေတယ်။ ဒါမှမဟုတ် တစ်ခုခု။ ရွှံတွေပေပွနေတဲ့မြက်ခင်းတွေကြားကို ထောက်နင်းလိုက်တဲ့ခြေလှမ်းတိုင်းက ကျနော့်တစ်ကိုယ်လုံးကို ထိုးအောင့်စေတယ်။ နောက်တစ်လှမ်းလှမ်းဖို့ ခြေထောက်ကိုပြန်ဆွဲထုတ်ရတာလည်း ခွန်အားတော်တော်စိုက်ရတယ်။ ဘာခွန်အားမှမကျန်တော့ဘူးလို့ ခံစားနေရတာဘယ်လောက်ကြာမှန်း မမှတ်မိတော့ဘူး။ ဒါပေမယ့် ခြေလှမ်းတွေကရပ်မသွားဘူး။ ဘာအတွက်မှမဟုတ်ဘဲ နာကျင်မှုကိုအံကြိတ်ရင်း တစ်လှမ်းပြီးတစ်လှမ်း။
ကျနော်အရမ်းပင်ပန်းနေပြီ။ စိုစွတ်နေတဲ့မြေကြီးပေါ်လှဲချပြီး မြေကြီးပြန်ဖြစ်သွားတဲ့အထိ နားနေလိုက်ချင်တယ်။ မြက်ပင်တွေက ကျနော့်ကိုတေးဆိုသိပ်ကြပါစေ။ ကျနော်ဘာလို့ လဲမကျသေးလဲ ကျနော်မသိဘူး။ ခပ်လှမ်းလှမ်းမှာ မီးလင်းနေတဲ့ရွက်လှေလေးကို ဝေဝေဝါးဝါးမြင်ရတယ်။ လမ်းပျောက်နေတဲ့သူအတွက် နေရာတိုင်းကပန်းတိုင်ပဲ။ ဒါမှမဟုတ် ဘယ်နေရာကမှ ပန်းတိုင်မဟုတ်ဘူး။ တစ်လှမ်းပြီးတစ်လှမ်း၊ တစ်လှမ်းပြီးတစ်လှမ်း။
ဝေဝေဝါးဝါးနဲ့ အလင်းရောင်ခပ်မှိန်မှိန်နားကိုရောက်လာတယ်။ မျက်နှာပေါ်ကမိုးရေလားမျက်ရည်လားမသိတဲ့ ရေစက်တွေကိုသပ်ချလိုက်တော့မှ လှမ်းမြင်နေရတာက တဲအိမ်လေးထင်တယ်။ ဘာရယ်မဟုတ်ဘဲ ခြေထောက်ကအဲ့အိမ်လေးဘက်ကို ဆက်လှမ်းလာမိတယ်။
သစ်သားတံခါးအပေါ် ကျနော်မှီလိုက်တယ်။ သစ်သားတံခါးလေးက အဆုံးအဆမရှိတဲ့ကျနော့်အပေါ်ကအလေးချိန်ကို ခံနိုင်ရည်ရှိပုံရတယ်။ တံခါးတစ်ဖက်မှာဘာရှိမှန်းမသိဘူး။ ကျနော်တော့ မရှိဘူးထင်တယ်။ ဖွင့်ချင်ရင် တံခါးကိုဘာလို့ပိတ်ထားတာလဲ။ အကယ်၍ပိတ်ချင်ရင်လည်း တံခါးကိုဘာလို့ဖွင့်လို့ရအောင်လုပ်ထားတာလဲ။ တံခါးတွေကို ကျနော်ဘယ်တော့မှ နားမလည်ဘူး။
ကျနော်ချမ်းတယ်။ တစ်ကိုယ်လုံးလည်းဘာဆိုဘာမှမလုပ်ချင်လောက်အောင် ကိုက်ခဲနေတယ်။ ဘယ်တော့မှပြန်မနိုးလာတော့ဘဲ ဘယ်နေရာမှာဖြစ်ဖြစ် အိပ်ပစ်လိုက်ချင်တယ်။ ပြန်နိုးရတာထက်ပိုဆိုးတဲ့ အိပ်မက်ဆိုး မရှိနိုင်လောက်တော့ပါဘူး။ ရှိခဲ့ရင်လည်း အရေးမကြီးတော့ဘူး။
တံခါးတစ်ဖက်ကနေ အသံတစ်ခုခုကြားရတယ်။ တံခါးဆီကို တစ်ယောက်ယောက်ဦးတည်ပြီးလာနေမှန်း ခံစားလို့ရတယ်။ အရာရာတိုင်းက အရင်တစ်ခါကဖြစ်ပြီးသားလိုပဲ။ ကျနော်ဒီမှာရှိနေမှန်း တစ်ဖက်ကဘယ်လိုသိသွားတာလဲ။ တစ်ခိုက်ခိုက်တုန်နေတဲ့ ကျနော့်ခန္ဓာကိုယ်က တံခါးကိုမရည်ရွယ်ဘဲ ခေါက်မိသလိုဖြစ်သွားပုံရတယ်။ ငယ်ငယ်တုန်းက သူများတံခါးကိုခေါက်ပြီးထွက်ပြေးသလို ထွက်ပြေးဖို့ အချိန်မရှိတော့ဘူး။ ကျနော်လုပ်ပေးနိုင်ဆုံးဆိုလို့ တံခါးကိုတွန်းပြီး ခဏလေးဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တာပဲဖြစ်လိမ့်မယ်။
တုန်တုန်ချိချိနဲ့ဒူးတွေပေါ်မှာ ကျနော်ရပ်နေတယ်။ တံခါးကြားမီးရောင်မှိန်မှိန်ကတဖြည်းဖြည်းကျယ်လာတယ်။ ဒါပေမယ့် တစ်ချိန်ချိန်မှာ မီးရောင်ကမှိတ်လုနီးနီး မှောင်ကျသွားတယ်။ ခဏနေတော့ပြန်ငြိမ်သွားတယ်။ တံခါးတစ်ဖက်ကို မကြည့်ရဲလို့မကြည့်ပေမယ့် ကျနော့်ကိုကြိုဆိုနေမှန်းအလိုလို ခံစားလို့ရတယ်။ တဖြည်းဖြည်းနဲ့ တံခါးတစ်ဖက်မှာ ကျနော်ရှိလာတယ်။
"ဟေ့လူ၊ ဒါဏ်ရာရထားတာလား"
ဧည့်သည်ကပြန်မဖြေ။
"ဟေ့လူ အဆင်ပြေရဲ့လား"
ကျနော်တို့တွေက ဘာလို့အရေးမပါဆုံးမေးခွန်းတွေကို အရင်ဆုံးမေးကြတာလဲ။ ဒီဧည့်သည်က ဒါဏ်ရာရထားတယ်။ အဆင်မပြေဘူး။ ဘယ်လိုဒါဏ်ရာရထားလဲ၊ ဘယ်လိုအဆင်မပြေလဲ ပြောချင်မယ့်ပုံလည်းမပေါ်ဘူး။ အထူးသဖြင့် ပြောနိုင်မယ့်ပုံလည်းမပေါ်ဘူး။ အဲ့ဒါကိုသိဖို့ ခပ်မှိန်မှိန်မီးရောင်တောင် မလိုဘူး။ ကုတင်ဘက်ကို နည်းနည်းခပ်သွက်သွက်ပြန်သွားလိုက်တယ်။ တစ်ခုပဲရှိတဲ့ခေါင်းအုံးရယ် တစ်ခုပဲရှိတဲ့စောင်ရယ်ကို လက်နှစ်ဖက်နဲ့ပိုက်ပြီးပြန်လာခဲ့တယ်။ ပြန်ရောက်လာတော့ ခေါင်းအုံးကို စားပွဲပေါ်ထားပြီး စောင်နဲ့ဧည့်သည်ဘေးကိုခြုံပေးလိုက်တယ်။ စားပွဲပေါ်ကခေါင်းအုံးကိုလည်း ဖက်ချင်ဖက်လို့ရအောင် ဧည့်သည်ပေါင်ပေါ်တင်ပေးလိုက်တယ်။
"အကယ်၍အိပ်ချင်ရင် အနောက်ကကုတင်မှာလာအိပ်လို့ရတယ်"
ဧည့်သည်က ခေါင်းညိတ်လိုက်တယ်ထင်တယ်။ အိပ်ချင်တယ်လို့ပြောတာလား၊ လာအိပ်လို့ရတယ်ဆိုတာ နားလည်လို့နားလည်တယ်ပြောတာလား။ ဒါမှမဟုတ် ချမ်းလို့တုန်ပြီးခေါင်းလှုပ်မိတာဖြစ်နိုင်တယ်။
ကျနော်လုပ်ပေးလို့ရတာ အကုန်လုပ်ပေးပြီးပြီမလား။ ဟင့်အင်း၊ ဧည့်သည်ကို တစ်ခုခုစားစရာမလုပ်ပေးရသေးဘူး။ စားရောစားနိုင်ပါ့မလား။ စားနိုင်နိုင်မစားနိုင်နိုင်၊ ဧည့်သည်အတွက်စားစရာလုပ်ပေးရမှာ အိမ်ရှင်ရဲ့တာဝန်ပဲမလား။ တကယ်တော့ အိမ်ရှင်တွေ ဧည့်သည်တွေဆိုတာထက် တစ်ယောက်ပေါ်တစ်ယောက်ကြင်နာမှုကို လူအဖွဲ့အစည်းကဘယ်လောက်ဆန့်ကျင်ဆန့်ကျင် မစွန့်ပစ်သင့်ဘူးမလား။
"ခဏနော်"
နည်းနည်းတုန်နေသေးတာကလွဲပြီး ဧည့်သည်ကမတုံ့ပြန်။ ခွင့်ပြုလောက်မယ်လို့ ယူဆပြီး ဖယောင်းတိုင်မီးကို ယူပြီး နောက်ဖေးဘက်ကို ထွက်လာခဲ့တယ်။ သစ်ကိုင်းခြောက်အသေးလေးတွေနဲ့ မီးဖိုထဲမီးကူးပြီး မီးဖိုဖိုလိုက်တယ်။ ဒယ်အိုးအပိန်လေးနဲ့ ရေအိုးထဲကရေနည်းနည်းခပ်ပြီး မီးဖိုပေါ်တင်ထားလိုက်တယ်။ ပြီးတော့ ဖယောင်းတိုင်ကို ဧည့်သည်ကိုပြန်ပေးဖို့ ပြန်ထွက်လာခဲ့တယ်။ မသွားခင်ကအတိုင်း ကုလားထိုင်ပေါ်မှာပဲ ခေါင်းကိုရှေ့ညွတ်ပြီးထိုင်နေတယ်။
"တစ်ခုခုလိုလား"
"..."
လိုလိုမလိုလို ပူပူနွေးနွေးတစ်ခုခုလုပ်ပေးရမယ်။ အာလူးတော့ သိပ်မကျန်တော့ဘူး။ ရာသီဥတုဖောက်ပြန်နေလို့ စိုက်ထားတဲ့အပင်တွေကထင်သလောက် မဖြစ်ထွန်း။ ကျနော်က အသားလည်းမစားဘူး။ အဲ့ဒါကြောင့်တစ်နေ့ကို တစ်နပ်ထပ်ပိုမစားဖြစ်တာကြာပြီ။ အာလူးအကျန်လေးနဲ့ စွတ်ပြုတ်လုပ်တာထက် အသားလေးပါရင် ပိုအဟာရဖြစ်မယ်ထင်တယ်။ မသေခင်လေး အသားစားသတ္တဝါပီပီ သူများအသားတစ်နပ်စားလိုက်ရလည်း မဆိုးဘူးမလား။
"ဟေ့လူ ခင်များအသားစားလား"
"..."
"မစားရင်ပြန်ဖြေ၊ မဖြေရင်စားတယ်လို့ ယူဆလိုက်မယ်"
"..."
"အိုကေ၊ ခဏစောင့် စွတ်ပြုတ်သွားကြိုလိုက်မယ်"
မီးဖိုခန်းဘက်ကို ပြန်ထွက်လာခဲ့တယ်။
ကျနော်ခဏသတိလစ်သွားတယ်ထင်တယ်။ ဘယ်လောက်ကြာသွားပြီလဲမသိ၊ သတိပြန်ဝင်လာတော့ ပူပူနွေးနွေးစွတ်ပြုတ်အနံ့လေးက နှာခေါင်းအတွင်းတိုးဝင်လာတယ်။ အိမ်ရှင်က လက်တစ်ဖက်တည်းနဲ့ စွတ်ပြုတ်ပန်းကန်လုံးကို နေရာချနေတယ်။ စားပွဲပေါ်မှာ စားချင်စရာစွတ်ပြုတ်ပန်းကန်လုံးလေး။ အိမ်ရှင်ကိုမော့ကြည့်ပြီးပြုံးပြလိုက်တယ်။ ကျေးဇူးပါဆိုတဲ့စကားက လေးလေးနက်နက်ပြောဖို့ဆိုရင် အခက်ဆုံးစကားတွေထဲမှာပါတယ်မလား။
"လိုတာရှိရင်ပြောနော်" လို့ပြောပြီး အိမ်ရှင်က အနားကနံရံဘက်ကို တစ်လှမ်းချင်းလှမ်းသွားတယ်။ နံရံကိုမီပြီးကြမ်းပြင်မှာ ထိုင်ချလိုက်တယ်။
နောက်ဆုံးဘယ်အချိန်ကအစားစားခဲ့လဲ မမှတ်မိဘူး။ ရေဘယ်ချိန်က နောက်ဆုံးသောက်မိမှန်းတောင်မသိဘူး။ အပြင်မှာမိုးရေစိုထားသလောက် ကိုယ်အတွင်းကခြောက်ကပ်နေတယ်။ ဗိုက်လည်းတော်တော်ဆာနေမယ်ထင်တယ်။ ဒါပေမယ့် ဘာမှမစားချင်ဘူး။ ဘာမှလည်းမလုပ်ချင်ဘူး။ ဘယ်အချိန်ကနောက်ဆုံး ပါးစပ်ဟမိလဲလဲ မမှတ်မိဘူး။ စွတ်ပြုတ်ထဲက ကြက်သွန်မိတ်ဖက်လေးတွေနဲ့ အသားဖက်လေးတွေကို ဒီတိုင်းငေးကြည့်နေမိတယ်။ ဘာတွေထပ်ပါသေးလဲမသိဘူး၊ စားချင်စရာတော့ စားချင်စရာလေး။
"ကမ္ဘာပျက်သွားပြီလား"
ဘာလို့ဒီမေးခွန်းကိုမေးတာလဲ ကျနော့်ကိုပြန်မမေးပါနဲ့။ အိမ်ရှင်ကကျနော့်ကို မော့ကြည့်တယ်။ ပြီးတော့အဝေးတစ်နေရာကိုကြည့်ပြီး ခဏစဉ်းစားတယ်။
"ကမ္ဘာပျက်မပျက်ကအရေးကြီးလို့လား"
တကယ်တော့ သိပ်အရေးမကြီးပါဘူး။
"စောက်သုံးမကျလို့ ကမ္ဘာမပျက်ခင်သေသွားတဲ့ကောင် မဖြစ်ချင်လို့"
"ကမ္ဘာမပျက်သေးဘူးလို့ ဘယ်လိုသိလဲ"
"မသိဘူးလေ၊ မသိလို့မေးတာပေါ့"
ကျနော်ကစွတ်ပြုတ်ဇွန်းကိုငေးကြည့်တယ်၊ သူကအမှောင်ထဲကိုငေးကြည့်တယ်။ အပြင်မှာမိုးရွာနေတုန်းပဲ။ ပြတင်းပေါက်မျက်နှာပြင်ပေါ်မှာ မိုးစက်လေးတွေအပြေးပြိုင်နေကြတယ်။
ဘယ်လောက်ကြာသွားလဲမသိဘူး၊ ဇာတ်ခနဲငိုက်ကျပြီး ကျနော်သတိပြန်ရလာတယ်။ အပြင်မှာမိုးမရွာတော့ဘူးထင်တယ်။ မစားလိုက်ရတဲ့စွတ်ပြုတ်ပန်းကန်ကအေးနေပြီ။ အိမ်ရှင်က နံရံကိုမီပြီးအိပ်နေတယ်။ အနည်းဆုံးတော့ အိပ်နေတယ်ထင်တာပဲ။ သေချာကြည့်တော့ အသက်ရှူနေပုံမရဘူး။
"ဟေ့လူ၊ ဟေ့လူ"
ပြန်မဖြေ။
သူဘာဖြစ်နေလဲထကြည့်ဖို့ အားမရှိ။ ဘာလုပ်ဖို့မှအားမရှိ။ မလှုပ်မယှက်ငုတ်တုတ်ငိုက်ကျနေတဲ့ အိမ်ရှင်ကို ဒီတိုင်းငေးကြည့်နေမိတယ်။ မျက်လုံးတွေပဲ အာရုံစိုက်လို့မရလို့လားမသိဘူး၊ အိမ်ရှင်ရဲ့လက်တစ်ဖက်က ထူးဆန်းနေတယ်။ တံတောင်ဆစ်အကျော်ကစပြီး ပြတ်နေပုံရတယ်။ မည်းမည်းတွေစွန်းနေတာက သွေးလား။ အကယ်၍တကယ်လက်ပြတ်နေတာဆို ဘယ်လိုပြတ်သွားလဲ ကျနော်မသိ။ စဉ်းစားလည်း မစဉ်းစားတတ်။
ဘာဖြစ်နေမှန်းမသိတဲ့ အိမ်ရှင်ရယ်။ သူပြုတ်ပေးသွားပေမယ့် အခုအေးစက်နေတဲ့ စွတ်ပြုတ်ပန်းကန်လုံးရယ်။ ဘာဖြစ်နေမှန်းမသိတဲ့ ဧည့်သည်ကျနော်ရယ်။ ဗိုက်ကနာနေတုန်းပဲဆိုတာကို အခုမှပြန်သတိရတယ်။ တစ်ကိုယ်လုံးနာနေတုန်းပဲ။ ပင်ပန်းလိုက်တာ။ ကျနော်နားချင်တယ်။ စားပွဲပေါ်ကိုမျက်နှာတင်ပြီး မျက်လုံးမှိတ်လိုက်တယ်။