deep cat bar cart dwarf pray yin tongue mart

pinkius
February 2020

Run Away With Me

Carly Rae Jepsen

entry 690


ဒီနေ့လည်း အိပ်မက်ကနေ လန့်နိုးလာတယ်။ ခေါင်းထဲမှာ ရှုပ်ထွေးနေလိုက်တာ။ အိပ်မက်ထဲမှာ လူတွေက သူတို့ကိုယ်တိုင်အပါအဝင် သက်ရှိမျိုးစုံကို ရက်ရက်စက်စက် နှိပ်စက်နေတယ်။ ရေးနေရင်းနဲ့တင် ဘာအိပ်မက်လဲ မမှတ်မိတော့ဘူး။ အဲ့အိပ်မက်ကို ခဏခဏ မက်နေတာတော့ တော်တော်ကြာပြီ။ မြို့မှာနေနေကတည်းကပဲ။ ကျနော်လူ့လောကထဲကနေ ထွက်ပြေးပြီး တောထဲမှာ ကြုံသလိုလျှောက်သွားနေတာ ဘယ်လောက်ကြာမှန်းတောင် မမှတ်မိတော့ဘူး။ စာအုပ်ထဲမှာ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလောက် ရေးဖြစ်တယ်ဆိုရင် သုံးနှစ်နဲ့ခြောက်နှစ်ကြားလောက် ကြာရင်ကြာလောက်ပြီ။ ဘယ်နှရက်ခြားတစ်ခါရေးလဲ မမှတ်မိဘူး။ ဘာလို့ ထွက်ပြေးခဲ့လဲဆိုတာကိုလည်း မမှတ်မိတော့ဘူး။


နေပါဦး၊ ခုမှ သတိရတာတစ်ခုရှိတယ်။ မနေ့ညက ကျနော့်စာအုပ်ကို ပစ်ပေါက်ပြီး အိပ်သွားတာ။ ဒီနေ့မနက်နိုးလာတော့ စာအုပ်က ကျနော်ပစ်ပေါက်လိုက်တုန်းကလောက် မဝေးတဲ့နေရာ ရောက်နေတယ်။ အဲ့ဒါကြောင့် လိုက်ရှာစရာမလိုဘဲ အခု လွယ်လွယ်ကူကူ ရေးလို့ရနေတာ။ လိုက်ရှာဖို့လိုရင် အိပ်မက်အကြမ်းဖျင်းတောင် မှတ်မိမှာမဟုတ်ဘူး။ ကျနော့်တဲထဲမှာ လေ‌အဲ့လောက်မတိုက်ဘူး။ ဒါမှမဟုတ် ကျနော်မသိတဲ့နေရာကနေ လေဝင်နေတာလား။ မနေ့ညကစာအုပ်ကို ပစ်‌ပေါက်ခဲ့တာ သေချာရဲ့လား။ ကျနော်မမှတ်မိဘဲ ကျနော်လျှောက်လုပ်နေတာတွေ ရှိနေတာလား။ တစ်ယောက်ယောက် ကျနော့်တဲထဲကို လာသွားသေးလား။ တိရစ္ဆာန်တစ်ကောင်ကောင်က စာအုပ်ကိုလာထိသွားတာလား။


entry 691


ဒီတဲကို ပြန်မရောက်လို့ မရေးဖြစ်တာ နှစ်ပတ်လောက်ရှိပြီ။ ဟိုတစ်ရက်က ပျင်းလို့ ချောင်းတစ်လျှောက်လမ်းလျှောက်ရင်းနဲ့ မြစ်နဲ့စပ်တဲ့နားက တဲကိုရောက်ပြီး အဲ့မှာပဲနေဖြစ်သွားတာ။ မြစ်ကမ်းနားက အိပ်မက်တွေက ဒီကအိပ်မက်တွေနဲ့မတူဘူး။ အိပ်နေရင်းနဲ့ ကိုယ်ထဲက ဆဲလ်တစ်ခုချင်းစီက မျက်ရည်အဖြစ်ပြောင်းပြီး မြစ်ထဲကို စီးဆင်းသွားတယ်။ ငါးတွေက ကျနော့်ကိုဖြတ်ပြီး ရေကူးသွားကြတယ်။ ငှက်တွေက ကျနော့်အပေါ်ကနေ ပျံသန်းသွားတယ်။ တစ်ခါတစ်လေ ကျနော့်ထဲမြောနေတဲ့ သစ်ကိုင်းပေါ် လာနားတယ်။ ကျနော်ရဲ့အစိတ်အပိုင်းအချို့က မြေကြီးထဲကို စိမ့်ဝင်သွားတယ်။ အချို့ကအငွေ့ပြန်သွားတယ်။ ငွေ့ရည်ဖွဲ့ပြီး ပြန်ပြုတ်ကျလာတယ်။ နောက်တော့မြေကြီးထဲကို စိမ့်ဝင်ရတာပဲ။ သစ်ပင်တွေက ကျနော်ကို စုပ်ယူလိုက်ကြတယ်။ ကျနော်က ကျနော်စားတဲ့ သစ်သီးတွေဖြစ်သွားတယ်။ ကျနော်သောက်တဲ့ရေကလည်း ကျနော်ပဲ။ ဒီရက်ပိုင်း‌ နေမကောင်းသလို ခံစားရလို့သာ စောင်ရှိတဲ့ ကုန်တွင်းဘက်ကတဲကို လာနေတာ။ ပြီးတော့ အရက်အိုးတွေကို ဒီဘက်မှာ သိမ်းထားလို့။ ဒါပေမယ့် ဒီနေရာက အိပ်မက်တွေက ကြောက်စရာကောင်းတယ်။


entry 692


(ကလေးဆွဲသလိုဆွဲထားတဲ့ သမင်ပုံ)


entry 693


ဒီနေ့လည်း အိပ်မက်‌ကနေ လန့်နိုးလာတယ်။ ဘယ်အထိထွက်ပြေးမှ အိပ်မက်ဆိုးတွေကနေ လွတ်မြောက်မှာလဲ။ မြို့ထဲပြန်ရောက်နေတယ်လို့ အိပ်မက်မက်တယ်။ ဒီအိပ်မက်ကိုလည်း ချရေးဖူးတယ်ထင်တာပဲ။ ပြန်ရှာ‌တွေ့လည်း ပြန်မဖတ်ချင်လို့ ထပ်ရေးလိုက်မယ်။ ကျနော်ဗိုက်ဆာလို့ စားစရာလိုက်ရှာပေမယ့် သစ်ပင်တွေကိုတောင် မနည်းရှာနေရတယ်။ ရှိတဲ့သစ်ပင်တွေကိုလည်း ခြံခတ်ထားတယ်။ ခြံကိုကျော်တက်တော့ ကျနော့်ကိုရိုက်ထုတ်တယ်။ လမ်းမဘေးမှာ အသီးအနှံရောင်းတဲ့ဆိုင်တွေတော့ တွေ့တယ်။ ဒါပေမယ့် ဘာလို့လဲမသိဘူး၊ ကျနော့်ကို မရောင်းဘူး။ ကျနော်ကပဲမဝယ်တတ်တာလား။ သေချာမမှတ်မိတော့ပေမယ့် ဆိုင်ရှင်တွေနဲ့ စကားတွေအကြာကြီးပဲ ပြောလိုက်ရတယ်၊ ဒါပေမယ့် ဘာစားစရာမှ ရမလာဘူး။ ဘေးနားမှာ တိရစ္ဆာန်အလောင်း‌တွေရယ်၊ အလောင်းအစိတ်အပိုင်းတွေကို စားပွဲပေါ်တင်ရောင်းနေတဲ့ ဆိုင်တွေလည်း ရှိသေးတယ်။ လီး၊ အန်ချင်လိုက်တာ။ သွားအန်ဦးမယ်။


entry 694


အန်ပြီးပြီ။ မနက်စာတောင် စားပြီးပြီ။ တောထဲမှာ သူ့ဘာသာကြွေကျနေတဲ့ အသီးတွေ လိုက်ကောက်တာနဲ့တင် စားစရာက အမြဲပိုလျံနေတာ။ ဗိုက်ဆာတာကို အပြင်မှာ နောက်ဆုံး ဘယ်တုန်းက ခံစားခဲ့ရလဲတောင် မမှတ်မိဘူး။ မြို့မှာတုန်းက စားသောက်ဆိုင်တွေသာ နေရာတိုင်းမှာရှိနေတာ အမြဲလိုလို ဗိုက်ဆာနေသလို ခံစားရတယ်။ အစက တောထဲမှာ တစ်ယောက်တည်းနေရရင် အစာရှာရခက်မယ်ထင်ပြီး မလာရဲတာ။ ရေသန့်ဝယ်မရလို့ ကျိုသောက်ရတာကလွဲရင် တော်တော်တော့ အဆင်ပြေပါတယ်။ ပျင်းလို့ ရေမကျိုချင်တဲ့ရက်တွေဆိုလည်း ကိုယ့်ဘာသာလုပ်ထားတဲ့ မြေအိုးနဲ့ထည့်ထားတဲ့ ဝိုင်တွေသောက်လို့ရတယ်။ ဒါပေမယ့် တစ်ခါတစ်လေ မေ့မေ့ပြီး၊ ရေအငတ်ခံနေမိတယ်။


entry 695


ဒီနေ့လည်း အိပ်မက်ကနေ လန့်နိုးလာတယ်။ ဒီနေ့အိပ်မက်တော့ နည်းနည်းမှတ်မိတယ်။
ကျနော့်က တိရစ္ဆာန်တင်တဲ့ကားပေါ်ရောက်နေတယ်။ လှုပ်စရာနေရာတောင် မရှိဘူး။ ကျနော့်ဘေးပတ်လည်မှာ သိုးလေးတွေ။ ကျနော့်လက်တစ်ဖက်က ကားအပြင်ကိုထွက်ပြီး လမ်းမနဲ့ ပွတ်တိုက်နေတယ်။ ကျနော်ဘယ်လောက်အော်အော် ကားက မရပ်ပေးဘူး။ သားသတ်ရုံကိုလား၊ ဘယ်ကိုလဲမသိဘူး၊ သွားနေတာ။ သွားနေတာတော့ စောက်ရမ်းကြာပြီ။ ရောက်လို့အသတ်ခံရရင်လည်း သေပါရစေ။ ကားကရောက်ကို မရောက်နိုင်ဘူး။ အော်နေရင်းနဲ့ လန့်နိုးလာတာပဲ။ နေပါဦး အဲ့မတိုင်ခင်က ဘာပါလိမ့်။ ကျနော်ကြက်ခြံထဲ ရောက်နေတာ။ အဲ့မှာလည်း အဲ့လိုပဲ လှုပ်စရာမရှိအောင် ကျပ်ပိတ်နေတာ။ ကျနော်ကလူပါ၊ ကြက် မဟုတ်ဘူးလို့ အကြိမ်ကြိမ်အော်သေးတယ်။ ဘယ်လူကမှ ကျနော့်ကို ဂရုမစိုက်ဘူး။ ဘာကွာလို့လဲလို့ ကြက်တစ်ကောင်က ကျနော်ကိုပြန်ပြောတာလားမသိဘူး၊ မမှတ်မိတော့ပြန်ဘူး။


entry 696


ကျနော်ပြောဖူးလားမသိဘူး။ ကျနော်ကို တစ်ယောက်ယောက်က အမြဲစောင့်ကြည့်နေသလို ခံစားရတယ်။ ဂြိုလ်တုက ကြည့်နေတာကို တစ်နည်းနည်းနဲ့ ခံစားနေရတာလား။ စိတ်ပဲထင်တာလား။


entry 697

ကြောက်လိုက်တာ။ မြို့ကအလုပ်ကို ပြန်ရောက်သွားတယ်။ လက်တုန်နေလို့ စာတောင် မနည်းရေးရတယ်။


(ခြစ်ရာတွေ)


လူတွေကို ဘယ်တုန်းကမှ သေချာမကြည့်ရဲဘူး။ လူတွေရဲ့ မျက်နှာက အရမ်းကြောက်စရာကောင်းတယ်။ စိတ်ထဲမပါတာတွေ ပြောနေမှန်း နောက်မကျခင်အထိ ဘယ်တုန်းကမှ မခွဲတတ်ဘူး။ စိတ်ထဲက တကယ်ပြောချင်တာတွေကို မပြောမှန်းလည်း နောက်မကျခင်အထိ ကျနော်ကြိုမစဉ်းစားတတ်ဘူး။ ဘယ်အချိန်က နောက်ကျတဲ့အချိန်လဲဆိုရင် ကျနော်သ‌ဘောပေါက်သွားတဲ့အချိန်ပဲ။ လက်တုန်တာ နည်းနည်းသက်သာလာပြီ။


ကျနော်ပြောလည်း ဘယ်သူမှ နားလည်မှာမဟုတ်ဘူး။ ကျနော်ကိုယ်တိုင်လည်း နားမလည်ဘူး။ တကယ်တော့ အလုပ်ထဲမှာ ပုံမှန်အလုပ်လုပ်နေရတာမှာ ဘာကြောက်စရာမှ မပါဘူး။ အလိုလိုနေရင်း အရမ်းကြောက်ပြီး အသက်တောင် မနည်းရှူနေရတယ်။ တောထဲကို ထွက်ပြေးလာတာလည်း အဲ့ဒါကြောင့်နေမယ်။ လူ့လောကထဲမှာ အမြဲကြောက်နေရတာကို ကြောက်လာလို့ စောင်တစ်ထည် အဝတ်သုံးစုံရယ် တစ်ကိုယ်ရေသုံးပစ္စည်းနဲ့ ဗလာစာအုပ်တွေ ခဲတံတွေထည့်ပြီး အဝေးပြေးကားလက်မှတ် ဖြတ်ပြီး လမ်းမှာခဏရပ်တော့ ရောက်ရာပေါက်ရာ ဆက်လျှောက်ရင်းနဲ့ ဒီရောက်လာတာပဲ။ ကြောက်တာ နည်းနည်းသက်သာလာပြီ။ နှလုံးခုန်အရမ်း မမြန်တော့ဘူး။


entry 698


အခုရက်ပိုင်း သတိထားမိတာ တစ်ခုရှိတယ်။ ကျနော်ဘယ်ကိုသွားသွား ယုန်တစ်ကောင်က ကျနော့်ကို အနားတစ်‌နေရာကနေ စောင့်စောင့်ကြည့်နေတယ်လို့ ခံစားရတယ်။ ဒါပေမယ့် နောက်ပြန်လှည့်ကြည့်တိုင်း ဘာမှမတွေ့ရဘူး။ ဘာမှမတွေ့ရဘဲ ယုန်လို့ဘယ်လိုပြောနိုင်လဲဆိုတော့၊ တောထဲမှာနေတာကြာလာရင် အနံ့ခံအာရုံက အကျင့်ရလာလို့လားမသိ၊ တိရစ္ဆာန်တွေကို အနံ့နဲ့တင် ခွဲခြားနိုင်တယ် ထင်တာပဲ။ အမဲတစ်ခါမှ မလိုက်ဖူးတော့ သေချာတော့ မပြောတတ်ဘူး။


entry 699


ကြောက်တယ်


(ခြစ်ရာတွေ)


entry 700


ဆင်တွေရဲ့ကမ္ဘာကိုရောက်နေတဲ့ ပုရွက်စိတ်လေး။ ကျနော်က သေးသေးလေးဖြစ်နေတယ်။ လူတိုင်းက အကြီးကြီးပဲ။ သူတို့ဘာတွေလုပ်နေလဲ၊ ကျနော်လုံးဝနားမလည်ဘူး။ လိုက်လုပ်လို့လည်းမရဘူး။ နားလည်ခဲ့ရင်တောင်မှ နားလည်မှန်း ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ မူကြိုကလေးကို တက္ကသိုလ်တက်ခိုင်း သလိုပဲ။ ဒိုင်မင်းရှင်းနှစ်ခုပဲမြင်နိုင်တဲ့ တုတ်ချောင်းလူသားကို သုံးဖက်မြင်ကမ္ဘာပေါ် နေခိုင်းသလိုပဲ။


entry 701


(ဒိုင်နိုဆောပုံတွေ)


entry 702


အိပ်မက်ကလန့်နိုး


(ခြစ်ရာတွေ)


အဆင်ပြေမှာပါ။ အဆင်ပြေမှာပါ။ အဆင်ပြေမှာပါ။ အဆင်ပြေမှာပါ။ အဆင်ပြေမှာပါ။ အဆင်ပြေမှာပါ။ အညိုရောင် ပန်းသီးရိုး၊ အစိမ်းရောင် ဖရဲသီးခွံ၊ နီညိုရောင် ရေအိုး၊ မီးခိုးရောင် ပြာတွေ၊ မဲညစ်နေတဲ့ပဝါ၊ အ‌သားရောင် ကျနော့်ခန္ဓာကိုယ်၊ အဝါရောင် သစ်ရွက်ခြောက်။


(ခြစ်ရာတွေ)


entry 703


ပျင်းလိုက်တာ


(တုတ်ချောင်းတော်လှန်ရေးစစ်သားတွေ ဘာရီကိတ်ပေါ်ကနေ ခုခံနေတဲ့ပုံ)


entry 704


ကြောက်


(ခြစ်ရာတွေ)


entry 705


ချမ်းတယ်၊ ဝိုင်တွေအကုန်သောက်ပြီးပြီ


entry 706


နေပြန်ကောင်းလာပြီ။ မလှုပ်နိုင်တော့တဲ့အထိ အားပြတ်နေလို့ သေတော့မှာ‌ထင်နေတာ။ တဲနားထိလိမ့်လာတဲ့ သစ်သီးတွေစားရင်းနဲ့ ပြန်အားရှိလာပြီ


entry 707


(ဆေးလိပ်သောက်နေတဲ့ တုတ်ချောင်းလူသား)


entry 708


ဒီနေ့လည်း အိပ်မက်ကနေ လန့်နိုးလာတယ်။ အခန်းထဲမှာ လူတွေအများကြီးပဲ။ တစ်ယောက်ကိုတစ်ယောက် လှည့်စားနေကြတာ ထင်တာပဲ။ စကားတွေကို တစ်လုံးစီ ပြတ်ပြတ်သားသား ကြားရတယ်။ ဒါပေမယ့် တစ်ကြောင်းမှ ကျနော်နားမလည်ဘူး။ ဉာဏ်မမီလို့နေမယ်။ အိပ်မက်ထဲကလူတွေက ကျနော့်စိတ်ကူးသက်သက်လား၊ လူအစစ်တွေကြောင့် ကျနော့်စိတ်ထဲလာပေါ်နေတဲ့ ပုံရိပ်တွေလား


entry 709


အိပ်မပျော်တာ ငါးရက်လောက်ရှိပြီ။ ဝိုင်ထပ်ချက်ရမှာ ပျင်းတယ်။ အရမ်းလည်း‌ပင်ပန်းနေတယ်။ ညညဆို တဲကိုကာထားတဲ့ သစ်ရွက်သစ်ခတ်တွေကို မနက်မိုးလင်းတဲ့အထိ မော့ကြည့်နေတာပဲ။ မနက်လည်း အစာရှာ၊ ရေကျိုပြီးတာနဲ့ စောင်ထဲဝင်ပြီးလှဲနေတာပဲ။


စီးကရက်လေး ရှိရင်ကောင်းမယ်။ အရွက်တွေလိပ်သောက်လို့ရပေမယ့် ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဝိုင်ဆိုတာလည်း ဝိုင်လို့သာခေါ်တာ၊ အချဉ်ဖောက်ထားတဲ့ သစ်သီးရေပဲ။ တစ်အိုးနဲ့တစ်အိုးလည်း အရသာကတစ်ခြားစီ။ မူးတဲ့နှုန်းလည်း တစ်ခြားစီ။ နေမကောင်းလို့သာ မော့လိုက်ရတာ၊ အချဉ်ပေါက်နေတဲ့အနံ့က မြို့ကဘားတွေက အိမ်သာတွေကို သတိရစေတယ်။ မူးနေတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပြီး မနက်မိုးလင်းရင် လူစိမ်းတွေဖြစ်သွားကြ။ ပျင်းတယ်။


မြစ်ကမ်းဘေးကတဲကိုသွားဦးမယ်၊ ပျင်းရင်ရေးဖို့ စာအုပ်ပါယူသွားမယ်။


entry 710


ကျနော်ဘယ်သူမှန်းမသိဘူး။ ရှေ့ကစာတွေ ပြန်ဖတ်ကြည့်တာလည်း သေချာမသိသေးဘူး။ ကမ္ဘာအစကနေ ကမ္ဘာပျက်တဲ့ထိ ကျနော်က တစ်ကမ္ဘာလုံးကို ပတ်စီးဆင်းနေတာ။ ကျနော်က စီးဆင်းမှု။ ကျနော်က စိမ့်ဝင်မှု။ ကျနော်က ကြည်လင်မှု။ ကျနော်က ဆက်စပ်နေမှု။ အခုအစိုင်အခဲတစ်ခုထဲမှာ ပိတ်မိနေပြီ။ ကျနော့်ကို ကယ်ပါ။


entry 711


မြစ်ရေသံနားထောင်ရင်း အိပ်‌ပျော်နေတာ ဘယ်လောက်ကြာသွားလဲမသိဘူး၊ ဆီးသွား‌ချင်လာလို့ သွားတော့၊ ဗိုက်ထဲကတစ်နေရာက အောင့်လိုက်တာ။ ရေမသောက်ဖြစ်တာ တော်တော်ကြာပြီပဲ။ လူလည်း တော်တော် အားပြတ်နေပြီ။


entry 712


(ရှူခင်းပုံ၊ မြစ်၊ မြစ်တစ်ဖက်စီမှာသစ်ပင်တွေ၊ ချောင်းနဲ့မြစ်ဆက်တဲ့ကြားမှာ တဲလေး)


entry 713


ကျနော်ပြောဖူးလားမသိဘူး။ တစ်ယောက်ယောက်က ကျနော်ကို အမြဲစောင့်ကြည့်နေသလို ခံစားရတယ်။ သစ်ပင်စောင့်နတ်တွေကို ကျနော်သတိထားမိတာ ဖြစ်နိုင်လား


entry 714


စားပွဲပတ်လည်မှာ ကျနော်သိတဲ့လူတွေ ဝိုင်းထိုင်နေတယ်။ uno ကဒ်တွေ လူတိုင်းလက်ထဲမှာ ကိုင်ထားတယ်။ တစ်ယောက်ကဒ်ကို တစ်ယောက်မှန်းပြီး အလယ်ကကဒ်နဲ့ နံပါတ်သို့မဟုတ် အရောင်တူတဲ့ကဒ်‌တွေကို ချကြတယ်။ ဘေးကလူတွေက ကျနော်သိတဲ့သူတွေဆိုတာသာ အလိုလိုသိနေတာ၊ သူတို့ရဲ့မျက်နှာကို မဝံ့မရဲလှမ်းကြည့်လိုက်တော့ ဝေဝါးနေတယ်။ သူတို့မှာ ဘာကဒ်ရှိလဲ သိဖို့မပြောနဲ့၊ သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံ ဘယ်မှာဆုံးလဲ ခွဲလို့မရဘူး။ ဒါပေမယ့် လူမျက်နှာတွေကလွဲပြီး အရာရာကို ပြတ်ပြတ်သားသားမြင်ရတယ်။ ကျနော်မျက်လုံးမှုန်နေတာ မဟုတ်ဘူး။ ဘေးကလူတွေ တစ်ယောက်ပြီး တစ်ယောက် ကဒ်တွေချပြီး ကျနော့်အလှည့်ရောက်လာတယ်။ အလယ်က ကဒ်က အဝါရောင်။ ကျနော့်လက်ထဲက ကဒ်တွေက အဖြူရောင်၊ အနက်ရောင်၊ မီးခိုးရောင်၊ အညိုရောင်၊ ပန်းရောင်၊ စိမ်းနုရောင်၊ ကောင်းကင်ပြာ၊ ရွှေရောင်၊ ငွေရောင် စသဖြင့်။ အဝါနဲ့အနီးစပ်ဆုံးတူတဲ့ ရွှေရောင်ကဒ်ကို ထုတ်လိုက်တယ်။ မင်းရူးနေတာလား၊ ရွှေရောင်က အဝါရောင်မှ မဟုတ်တာ၊ စသဖြင့် ဝိုင်းအော်သံတွေ ကြားရလို့ ထုတ်ထားတဲ့လက်ကို ပြန်သိမ်းလိုက်တယ်။ လှောင်ရယ်သံတွေလည်း ကြားရတယ်။ ဘာမှမလုပ်ရဲလို့ ကြောင်ကြည့်နေတုန်း၊ မင်းမှာမရှိရင် ဆွဲရမယ်လေ၊ စောက်ရူးလားလို့ ဝိုင်းအော်ကြတယ်။ ကြောက်ကြောက်နဲ့ ကဒ်တစ်ကဒ်ကိုဆွဲလိုက်တယ်။ ရှိပြီးသားအရောင် တစ်ကဒ်ထပ်ရတယ်။ ဘေးကတစ်ယောက် အဝါရောင်ချပြီး‌နောက်၊ သူ့နောက်တစ်ယောက်၊ နောက်တစ်ယောက် ဆက်ပြီး တစ်ကဒ်ပြီးတစ်ကဒ် ဆက်ချတယ်။


ဘယ်တော့မှကျမလာတဲ့ ကဒ်တွေ။ ထပ်ဆွဲလိုက်‌တိုင်း ရှိပြီးသားကဒ်တွေပဲထပ်ရတယ်။ သက်တန့်ရောင်တစ်ကဒ်လည်း ရသေးတယ်။ uno လို့ အော်သံခဏခဏကြားရတယ်။ အချို့သူတွေက ကဒ်ကုန်ပြီးနိုင်သွားတယ်။ နိုင်သွားတဲ့သူတွေက စားပွဲကထပြီး လုပ်ချင်တာသွားလုပ်ကြတယ်။ ဘယ်နှယောက်ထသွားသွား စားပွဲဝိုင်းမှာလူပြည့်တုန်းပဲ။ ကျနော်ရဲ့လက်နဲ့ မဆန့်လောက်အောင် ကဒ်တွေများလာတိုင်း လက်တစ်ဖက် ထပ်ထွက်တယ်။ လက် ၇ ဖက်လားမသိဘူးဖြစ်နေတဲ့အချိန်၊ ဘေးကတစ်ယောက်က ကြိုက်တဲ့အရောင် ပြောလို့ရတဲ့ကဒ်ချပြီး သက်တန့်ရောင်လို့ ပြောတယ်။ ကျနော့်လက်ထဲက သက်တန့်ရောင်ကိုချဖို့ ပြင်တဲ့အချိန် အိပ်မက်ကနေနိုးလာတာပဲ။


entry 715


ပါတီတစ်ခုမှာ စားသောက်နေကြတယ်။ ကျနော့်အသိတစ်ယောက်က ပြန်မယ်ပြောပြီး ထွက်သွားတယ်။ နောက်လူတွေလည်း ပြန်မယ်ဆိုပြီး ထွက်ထွက်သွားကြတယ်။ လူနည်းနည်းပဲကျန်တော့ ကျနော်လည်း ထွက်ပြီး၊ အိမ်ပြန်လိုက်တယ်။ အိမ်ရောက်တော့ အိပ်ယာထဲကနေ ဖုန်းသုံးတော့ ပါတီပွဲက‌နေ ပြန်သွားပြီဆိုတဲ့အသိတစ်ယောက် live လွှင့်တာ တွေ့တယ်။ ဘယ်လိုဖြစ်ပြီး ပါတီပွဲ ပြန်ရောက်သွားလဲ သိချင်လို့ဖွင့်ကြည့်လိုက်တယ်။ ပြန်မယ်ပြောတဲ့သူတွေ အကုန်ရှိနေတုန်းပဲ။ ပြန်မယ်မပြောဘဲ ပြန်သွားတဲ့ ကျနော်ပဲမရှိတာ။


book.svg

Songs And Stories
Made With Love And Svelte