do melancholiacs dream of joyful scenarios?

Plastic Love
Mariya Takeuchi
ဘာဆိုဘာကိုမှ အာရုံစိုက်လို့မရလောက်အောင် အထီးကျန်ဖူးလား။ အထီးကျန်နေတာကလွဲပြီး သင်ဘာကိုမှ ခံစားလို့မရတာမျိုး။ တစ်ခါတစ်လေမှာ အဲ့လိုအထီးကျန်နေရတဲ့ အကြောင်းအရင်းက သင်အာရုံမစိုက်နိုင်တာက စတာပဲ။ လူမှုရေးကိစ္စတွေကို အာရုံမစိုက်နိုင်တာကြောင့် စသဖြင့်ပေါ့။ သင့် သူငယ်ချင်းတွေနဲ့ ဘယ်ကနေဘယ်လို အဆက်အသွယ် စပြတ်သွားမှန်းမသိဘူး။ စကားပြောစရာ ဘယ်သူမှမရှိဘူး။ ဘယ်သူနဲ့ နောက်ဆုံးအကြိမ် စကားသေချာ ပြောမိမှန်းတောင် ပြန်စဉ်းစားလို့ ရချင်မှရတော့မယ်။ သင့်မှာ therapist ရှိခဲ့ရင် သူ့ဆီမသွားတော့တာလည်း ကြာလောက်ပြီ။ therapist တွေက သင့်လိုလူတွေကို နားထောင်ပေးဖို့ လေ့ကျင့်ထားကြတာပဲ၊ ဒါပေမယ့် အဲ့လူတွေထဲမှာ သင်မပါဘူး။ သင့်မှာ ဖွင့်ပြောစရာ စကားမရှိဘူး၊ သူတို့မေးသမျှကိုလည်း ဖြေစရာအဖြေမရှိဘူး။ therapist အနောက်က နံရံကို အချိန်မကုန်မချင်း ငေးကြည့်နေရတာက ခက်လာတယ်။ therapist ဆီ ထပ်သွားမယ့်အစား၊ အထီးကျန်မှုကို တစ်ယောက်တည်း ကြိတ်ခံစားလိုက်တာက ပိုသက်သောင့်သက်သာရှိတယ်။
ငါအရမ်းအထီးကျန်နေတယ်။ ပိုဆိုးတာက ပိုက်ဆံကုန်တော့မယ်။ စီးကရက်လည်း ကုန်လိမ့်မယ်။ စားစရာလည်း ထပ်ဝယ်လို့မရတော့ဘူး။ မကြာခင်ငတ်လိမ့်မယ်။ ဝတ္ထုတစ်ခုခုရေးမှ ဖြစ်မယ်။ ဒါမှ အဲ့ဝတ္ထုကို ထုတ်လုပ်သူဆီပို့ပြီးရင် သူပြန်လွှဲတဲ့ပိုက်ဆံနဲ့ စားစရာဝယ်လို့ရမယ်။ ဒါပေမယ့် တစ်ခုခုဖန်တီးလို့ရလောက်အောင် အာရုံစိုက်လို့မရဘူး။ ဘယ်ချိန်မှာ နောက်ဆုံးစာရေးခဲ့မှန်းတောင် မမှတ်မိတော့ဘူး။ ဝတ္ထုရေးတာကလွဲပြီး လုပ်တတ်တဲ့အရာလည်း မရှိဘူး။
အထီးကျန်လို့ အာရုံမစိုက်နိုင်တာလို့ ယုံနေသရွေ့၊ အထီးမကျန်သေးဘူးလို့ ပြန်ယုံအောင် ငါ့ကိုငါလှည့်စားမှရမယ်။ အိမ်အပြင်ထွက်ပြီး တစ်ယောက်ယောက်ကို နှုတ်ဆက်ပြီး စကားစရလောက်အောင်လည်း သတ္တိမရှိဘူး။ ဘယ်သူနဲ့မဆို ဆက်သွယ်ဖို့ကို သတ္တိမရှိတာ။ ဘာလိုပဲဖြစ်ဖြစ် ငါအထီးမကျန်ချင်ဘူး။ တစ်ထောင်ဖိုးသုံးကဒ်၊ sim ကဒ်အသစ်တစ်ကဒ်ကို ဖုန်းထဲထည့်ပြီး messenger အကောင့် အသစ်လုပ်လိုက်သည်။ ဒီလို အကောင့်တွေ ဘယ်နှခုလုပ်ဖူးမှန်းတောင် မမှတ်မိတော့ဘူး။ fictional character တွေရဲ့ အမည်တွေကိုတွဲပြီး အမည်ဖြည့်လိုက်သည်။ profile picture နေရာ blade runner ထဲက ပုံတစ်ပုံထည့်လိုက်သည်။
ဒါပေမယ့် ဘယ်သူ့ကို စကားသွားပြောရမှာလဲ။ သိခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းတွေကိုလား။ သူတို့ကငါ့ကို တစ်နည်းနည်းနဲ့ မှတ်မိလိမ့်မယ်။ သူတို့ကိုဘာလို့ အဆက်အသွယ် ဖြတ်မိခဲ့လဲဆိုတာကို မရှင်းပြတတ်ဘူး။ မှတ်လည်းမမှတ်မိတော့ဘူး။ အားနာပြီး ကိုယ့်ကိုကိုယ် ဘယ်လိုခွင့်လွှတ်ရမှန်း သိမှာမဟုတ်ဘူး။ ဒါမှမဟုတ် သူတို့ကငါ့ကို မမှတ်မိဘဲနေလိမ့်မယ်။ အဲ့ဒါကပိုဆိုးတယ်။ လူတိုင်းကငါ့ကို မေ့သွားပြီဆိုတဲ့အသိက နာကျင်စရာကောင်းတယ်။ စာအုပ်တိုက်က လူတောင် ငါ့ဘယ်သူမှန်း မမှတ်မိလောက်တော့ဘူး။ ဒီတိုင်း သူအမြတ်ထုတ်စရာ စာမူတွေ ပို့ပေးတဲ့သူတစ်ယောက်ထက် ပိုမှာမဟုတ်ဘူး။
ဒါနဲ့ ငါကဘာလို့ လူတွေရဲ့အဝေးမှာ ပုန်းရှောင်နေရတာလဲ။ မဟုတ်ဘူး၊ အန္တရယ်ရှိလို့တော့ မဟုတ်ဘူး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ လက်ဖက်ရည်သောက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ လူတွေအများကြီးနဲ့ အဆက်အသွယ်ရှိနေတဲ့ တစ်ချိန်တည်းမှာပဲ လူတိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ အဆက်အသွယ် ပြတ်တောက်နေတာကို သတိထားမိတာဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် အလကားနေရင်း လူတွေကို အမြင်ကတ်လာတာလည်း ဖြစ်ရင်ဖြစ်မယ်။ သေချာတော့ မမှတ်မိတော့ဘူး။ သေချာတာကတော့ ငါ့ရဲ့ လူမှုကွန်ရက်အကောင့်တွေကို တစ်ခုချင်းစီ စဖျက်လိမ့်မယ်၊ reddit၊ facebook၊ messenger၊ instagram၊ tinder ပြီးတော့ goodreads ရောပဲ။ ပြီးရင် လူတွေသိတဲ့ ဖုန်းနံပါတ်နဲ့ sim ကဒ်ကို ဆွဲထုတ်လိုက်တဲ့အချိန်မှာ၊ ငါက ဘယ်သူမှ မဟုတ်တော့ဘူး။ ဘယ်သူမှမဟုတ်တဲ့သူကို အခြားသူတွေ ဘာစာမှပို့လို့မရဘူး။ အခြားသူတွေက ငါ့ကိုစကားလာ မပြောချင်တာလား၊ စကားလာပြောလို့မရတာလား မသိနိုင်တော့ဘူး။ ဘယ်တော့မှ မရမယ့် notifications တွေကို ထိုင်စောင့်နေစရာမလိုတော့ဘူး။
ငါ့ကိုယ်ငါမဟုတ်ဘဲ၊ တစ်ယောက်ယောက်ကို စကားပြောချင်လိုက်တာ။ ပြောစရာစကား တိတိကျကျရှိတယ်ရယ်တော့ မဟုတ်။ ဝတ္ထုနည်းနည်း စရေးလို့ရလောက်တဲ့အထိတော့၊ အထီးကျန်နေတာကို ခဏမေ့သွားချင်တယ်။ စကားပြောစရာ တစ်ယောက်ယောက်ကိုလည်း စဉ်းစားလို့မရဘူး။ blade runner နဲ့ bojack ကြိုက်တဲ့ တစ်ယောက်ယောက် ဆိုရင်တော့ ပိုကောင်းတယ်။ relationship တစ်ခု ဖြစ်လာလောက်အောင် တည်ဆောက်နိုင်မယ် မထင်ပေမယ့်၊ အနည်းဆုံးတော့ blade runner နဲ့ bojack memes တွေ ပို့လို့ရတာပေါ့။ blade runner fan က ရှားတယ်။ နေဦး၊ ရှာလို့လွယ်တဲ့နည်းတစ်နည်းတော့ စဉ်းစားလို့ရပြီ။
friends တစ်ယောက်မှ မရှိတဲ့ facebook အကောင့်လေးထဲ ဝင်လိုက်တဲ့အခါ newsfeed တစ်လျှောက်မှာ ရိုးရိုး shitpost တွေရယ်၊ shitpost တော့ shitpost ပဲ၊ ဒါပေမယ့် လူလုပ် algorithm တွေက လုပ်ထားတဲ့ botpost တွေနဲ့ ပြည့်နေတယ်။ botpost တွေက အဓိပ္ပာယ်မရှိတဲ့ အရာတွေနဲ့ ကျင့်သားရစေတယ်။ လူသားအစစ်တွေပြောနေတဲ့ စကားအများစုကလည်း အဓိပ္ပာယ်မှ မရှိတာပဲကို။ အကြိုက်ဆုံး shitposting group တွေထဲမှာ Blade Runner RepliPosting™ လည်း ပါတယ်။ ပြီးရင် Bojack Horseman Sadposting, Daredevil Hallwayposting, Les Miserables Starsposting, Breaking Bad Saulposting စသဖြင့်၊ zuckerberg ရဲ့ data အမြတ်ထုတ်တဲ့ website ပေါ်က ချစ်စရာကောင်းပြီး နွေးထွေးပျူငှာတဲ့ မိသားစုလေးတွေ။
ခုနစဉ်းစားမိတဲ့ fandom တူတဲ့သူကို အလွယ်တကူရှာလို့ရတဲ့ နည်းဆိုတာက shitposting group တစ်ခုထဲက members with things in common ထဲမှာ ဝင်ရှာရုံပဲ။ ဒါပေမယ့် ဘာလို့ shitposting group လည်းဆိုရင် passion တစ်ခုခုရှိမှ shitposting group ထဲရောက်မှာလေ။ အရင်ဆုံးတော့ about ထဲမှာ သင်လိုချင်တဲ့သူနဲ့ အချက်အလက်တွေတူအောင် တမင်ကြိုဖြည့်ထားရမယ်။ privacy ကို only me ထားလည်း၊ facebook algorithm တွေကတော့ သင်ဖြည့်ထားတဲ့အချက်အလက်တွေကို သိသွားလိမ့်မယ်။ အချက်အလက်တွေ ပေးလိုက်ရတာက တန်ပါတယ် ဘာလို့လဲဆိုတော့၊ သူတို့နဲ့သင်နဲ့ အကြိုက်တူတာတွေကို သင်ကပိုတိတိကျကျသိပြီး၊ ဟိုဘက်ကတော့ သင်ဘယ်သူမှန်းတောင်သိမှာ မဟုတ်ဘူး။ သင်ဘယ်သူမှန်းမသိတော့၊ မတော်တဆ မသင့်တော်တာတွေပို့မိတာပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် စကားမပြောဖြစ်တော့တာပဲဖြစ်ဖြစ်ဆိုရင် ပြန်တောင်းပန်စရာ၊ ပြန်ရှင်းပြစရာမလိုတော့ဘူး။ ပြီးတော့ နောက်တစ်ကြိမ်ဆိုတဲ့ အခွင့်အရေးက အမြဲတမ်းရှိသေးတယ်။
repliposting က ပထမဆုံးသွားတဲ့နေရာပဲ။ members with things in common ထဲက လူတော်တော်များများကို သိဖူးတယ်။ သည်းခံလို့မရလောက်အောင် စိတ်ညစ်စရာကောင်းတဲ့ကောင်းတဲ့ ငကြောင်တွေ ဒါမှမဟုတ်ရင် အရာရာတိုင်းက အဆင်ပြေနေရက်နဲ့ geek တဲ့ပုံပေါ်အောင် အထီးကျန်ချင်ယောင် ဆောင်နေတဲ့ကောင်တွေ။ ဘာလို့လူတွေနဲ့ ဝေးဝေးနေခဲ့မိလဲဆိုတာကိုတောင် သတိရချင်လာပြီ။
omg! ဒီတစ်ယောက်က စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ မြို့ချင်းလည်းတူတယ်။ အဆင်ပြေလာခဲ့ရင် အပြင်မှာတွေ့ဖို့ ဖြစ်နိုင်တယ်။ blade runner ရော၊ bojack ရောကြိုက်တယ်။ အခြား shitposting group တော်တော်များများမှာလည်း ရှိတယ်။ စိတ်ရှုပ်စရာကောင်းမယ့်ပုံလည်း မဖြစ်ဘူး၊ တမင်သက်သက် geek ချင်ယောင် ဆောင်နေတာလည်း မဟုတ်ဘူး။ အနည်းဆုံးတော့ အဲ့လိုထင်ရတာပဲ။ သူမ တင်ထားတာတွေအရ ဝမ်းနည်းနေမှန်းသိသာတယ်။ depression support group ထဲမှာလည်းရှိတယ်။ လှပတဲ့ အမာရွတ်တွေတောင် ရှိချင်ရှိလိမ့်မယ်။ သူမ နာကျင်နေမှန်းသိရတာကို ဝမ်းသာနေတာက အကျင့်မကောင်းရာမကျဘူးလား။ ဒါပေမယ့် သူမရဲ့ ဒုက္ခတွေက အရင်းရှင်စနစ်၊ ဒါမှမဟုတ် တစ်ခုခုကြောင့်ဖြစ်မှာပေါ့၊ ငါနဲ့မှ မဆိုင်တာ။
ဒါနဲ့ messenger request ကို လက်မခံရင် ဘယ်လိုလုပ်မလဲ။ နာကျင်စရာပဲ။ သူမနဲ့ တက္ကသိုလ်ချင်းမတူလို့၊ နှစ်ယောက်လုံး အပြင်မှာတကယ်သိတဲ့သူ မရှိလောက်ဘူး။ အနည်းဆုံးတော့ ငါဘယ်သူမှန်း သူမ မသိနိုင်ဘူး။ အဲ့တော့ စိတ်မလုံစရာမရှိဘူး။ paranoia ဝင်စရာ သိပ်မရှိဘူး။ သူမ လက်ခံပြီး ပြန်စကားပြောပါစေ။ အကြောင်းအရင်းမရှိ၊ နှလုံးခုန်နှုန်းက မြန်နေတယ်။စိတ်ထဲမှာဘာမှစဉ်းစားလို့ မရပေမယ့်၊ ဘာမှမစဉ်းစားတာကို အမြန်လုပ်နေသလိုမျိုး။ စိတ်ငြိမ်အောင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ မီးခိုးငွေ့တွေကို အဆုတ်နံရံတွေကိိုရိုက်မိတဲ့အထိ ရှိုက်သွင်းလိုက်ပေမယ့်၊ စိတ်လှုပ်ရှားနေတုန်းပဲ။ အသက်ရှူမှန်အောင် ထိန်းရှူကြည့်တာလည်း သိပ်အလုပ်မဖြစ်ဘူး။ ဝီစကီတစ်ခွက်ချလိုက်ရင်တော့ သက်သာကောင်းပါရဲ့။ အဲ့တာနဲ့ တစ်ခွက်ငှဲ့၊ ရေရောပြီး မော့ချလိုက်သည်။ ပူနွေးမှုတစ်ခုက စိတ်လှုပ်ရှားနေတာကို အနည်းငယ်လွှမ်းခြုံသွားသည်။
မိမိ : a generic start of a conversation
မိမိ : skip
စိတ်လှုပ်ရှားနေတုန်းမှာ သူမ ဆီကို ဘယ်လိုစောက်တလွဲပို့မိမှန်း သိတဲ့အချိန်မှာ နောက်ကျသွားပြီ။ ဒါပေမယ့် စိတ်မလှုပ်ရှားခဲ့ရင် ငါ့လိုငကြောက်က ဘာမှပို့ဖြစ်မှာမဟုတ်ဘူး။ တမင်သက်သက် ခန္ဓာကိုယ်က ဝင်ကူညီပေးသွားတာလား။ မကူညီပေးခဲ့ရင် ပိုကောင်းလိမ့်မယ်။ ကိုယ့်ကိုကိုယ်စိတ်ပျက်လွန်းလို့ စိတ်လှုပ်ရှားနေသေးလားတောင် သတိမထားနိုင်တော့ဘူး။
စောက်တလွဲကောင်တွေက စောက်တလွဲအဖွင့်စကားတွေကို အလုပ်ဖြစ်မယ်လို့ အိပ်မက်မက်နေတာလား။ အဲ့လို အဖွင့်စကားကို သူမ ကြိုက်ချင်လည်း ကြိုက်မှာပေါ့။ သူမကိုယ်တိုင်ကိုက ငကြောင်ဖြစ်နေမှပဲ ဒါကြီးကိုထူးဆန်းတယ် မထင်ပဲနေလိမ့်မယ်။ သူမ တမင်ကြီးတော့ လျစ်လျူမရှုပါစေနဲ့။ ပို့ပြီးသားကို ပြန်ဖျက်လို့ရပေမယ့်၊ ပြီးရင် နောက်အကောင့်နဲ့ စောက်တလွဲမလုပ်ဘဲနဲ့၊ ဘယ်လိုစကားစရမလဲ မစဉ်းစားတတ်ဘူး။ "all those moments will be lost in time like tears in rain" ဆိုရင် လှရင် လှလိမ့်မယ်၊ ဒါပေမယ့် အဆက်အစပ်လုံးဝမရှိဘဲ၊ အူကြောင်ကြောင်ကြီး။ အခြား quote တွေ စဉ်းစားနိုင်သလောက် ပြန်စဉ်းစားကြည့်သည်။
သူမ လျစ်လျူမရှုပါစေနဲ့ အထပ်ထပ်ဆုတောင်းရင်း ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်နေမိသည်။ ဆုတောင်းတယ်ဆိုရအောင် ဘယ်ဘုရားကို ဆုတောင်းနေတာလဲ။ wilbur mercer ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါမှမဟုတ်ရင် သူမဆီတိုက်ရိုက် ဆုတောင်းနေတာ ထင်တယ်။ တကယ်တော့ သူမ ဘယ်သူမှန်းတောင် မသိဘူး။ geek ပုံပေါ်ပြီး နာကျင်နေမှန်းပဲ သိတာ။ နာကျင်နေတဲ့သူတွေက လှပတယ်။ အနည်းဆုံး ငါအတွက် လှပတယ်။ သူမ ဘာမှမစဉ်းစားဘဲ လက်ခံပြီး စကားပြန်ပြောရင်လည်းပြောမှာပေါ့။ ဒါပေမယ့် ငါသုံးတာက အကောင့်တုကြီး။ အတွေးများစွာနဲ့ ခေါင်းထဲမှာ ရှုပ်ထွေးနေတယ်။
နာရီပေါင်းများစွာ memes တွေ ကြည့်ရင်းနဲ့ သူမ လက်ခံမှာကို ထိုင်စောင့်နေမိသည်။ pick-up line များတွေ့မလားဆိုပြီး blade runner ဇာတ်ညွှန်းတွေကို အထပ်ထပ်ဖတ်နေသည်။ ဘယ်လောက် ကြာကြာဆက်စောင့်ရမှန်း မသိဘူး။ သူမက ဘယ်တော့မှ လက်မခံတော့မှာလည်း ဖြစ်နိုင်တာပဲ။ သူမလောက် စိတ်ဝင်စားစရာကောင်းတဲ့ အခြားတစ်ယောက် ရှာလို့ရရင်ရနေနိုင်တာပဲ။ ဒါပေမယ့် တွေ့တယ်ပဲထားဦး၊ ဘယ်လို စကားစရမှာလဲ။ a generic start of a conversation ဆိုတာက ဘယ်လောက် အူကြောင်ကြောင်နိုင်နိုင်၊ အမြဲတမ်းအဲ့လိုပဲ စကားစဖြစ်နေကျ။ ငါ့ဦးနှောက်ကိုက ကြောင်တောင်တောင်မဖြစ်ဘဲ သဘာဝကျတဲ့ စကားလုံးတွေနဲ့ စာကြောင်းတည်ဆောက်ဖို့ တတ်ကိုမတတ်နိုင်တာ။ အရင်ကဆို တစ်ဖက်က ပြန်မတုန့်ပြန်ရင်၊ နောက်တစ်ယောက်ထပ်ရှာလိုက်ရုံပဲ။ ဒါပေမယ့် သူမက ထူးခြားတယ်။ ကောင်းမွန်တဲ့ ထူးခြားနည်းနဲ့ထူးခြားတာ။ သူမက ငါ့ကိုလက်ခံမှဖြစ်မယ်။
နာရီပေါင်းများစွာကြာနေပြီ။ messenger ကို ဘယ်နှကြိမ်ဝင်ဝင်စစ်ပြီးပြီလဲ မမှတ်မိတော့ဘူး။ အရက်တွေလည်း ဘယ်လောက်တောင် သွေးကြောထဲ စီးနေပြီလဲ မသိတော့ဘူး။ သူမ အလုပ်ရှုပ်နေတာ ဖြစ်မှာပါလေ။ ဒါမှမဟုတ် သူမကို ပို့မိထားတဲ့ စောက်တလွဲစာတွေကို အမြင်ကတ်သွားတာနေမှာပေါ့။ ဘာလို့ငါက အရာရာတိုင်းကို အမြဲဖျက်စီးနေရတာလဲ။ ဘယ်လိုတွေတောင် ငါကစောက်တလွဲဖြစ်နေတာလဲ။ အထီးကျန်နေတယ်ဆိုတာက မေ့သွားချင်ရုံလေးတင်ပါ ... မျက်လုံးတွေလေးလာပြီ ... သူမ လက်ခံပြီလား ဆိုတာကို ဝင်ဝင်ကြည့်ဖြစ်နေတုန်းပဲ ... အခုထိတော့ လက်မခံသေးဘူး ... ဘယ်ချိန်မှာမှန်းမသိ အိပ်ပျော်သွားမိသည်။
ပျော်ရွှင်မှုအပြည့်နဲ့ ပြန်နိုးထလာသည်။ ရေးးး ! သူမက လက်ခံတဲ့အပြင်စကားတောင် ပြန်ပြောထားသေးသည် -
သူမ : မအားလို့၊ sorry
သူမ စာပြန်တာနောက်ကျတယ်ဆိုပေမယ့် တောင်းပန်စရာမှမလိုတဲ့ကိစ္စကို၊ သူမ online နေတုန်းပဲ။ မီးစိမ်းလေးက လှလိုက်တာ။
မိမိ : sorry ပြောစရာမှမလိုတာ၊ ကျနော်စကားစတာကိုက အူကြောင်ကြောင်နဲ့ပဲကို၊ ဘယ်လိုစိတ်ကူးနဲ့များ လက်ခံခဲ့တာလဲ၊
typing ခဏပေါ်ပြီး ပြန်ပျောက်သွားသည်။ တုံ့ပြန်မှုမရှိတော့။
မိမိ : you're special
သူမ : said joi
joi ပြောတဲ့ စကားလုံးမှန်း တန်းသတိထားမိတယ်၊ ချစ်စရာကောင်းလိုက်တာ။ နေဦး၊ သူမက ငါ blade runner ကြိုက်မှန်း ဘယ်လိုသိတာလဲ။ ဟုတ်သားပဲ၊ profile picture ကြည့်ရုံနဲ့ သိနေတာကို။ အဲ့တာကြောင့် သူမ လက်ခံခဲ့တာနေမှာပေါ့။ သက်သက်စီ ခွဲဖြေစရာတောင် မလိုဘူး။ တော်လိုက်တာ။ ဒါပေမယ့် သူမကို ဘာဆက်ပြောရမလဲ မစဉ်းစားတတ်တော့ဘူး။ bojack meme ပို့မယ် စိတ်ကူးပြီး memes တွေ လိုက်ရှာတယ်။ သူမက အကုန်လုံးကို မြင်ဖူးရင် မြင်ဖူးမှာ။ ဘယ်ဟာပို့ရမှန်း မစဉ်းစားတတ်ဘူး။
မိမိ : you're breathtaking
သူမ : awwn
ကိုယ့်ဘာသာပြင်ဆွဲထားတဲ့ ပျော်ရွှင်နေတဲ့ bojack မိသားစုပုံလေးကို သူမဆီပို့လိုက်သည်။ သူမက sad react တယ်။
သူမ : ပုံဆွဲတော်သားပဲ၊ အရမ်းမသေသပ်ပေမယ့်၊ မဆိုးပါဘူး
မိမိ : ကျနော်ဆွဲတာလို့ ပြောမှမပြောရသေးတာ
သူမ : ပြောစရာမှမလိုတာ
မိမိ : sherlock
သူမ : ကျမ မြင်ဖူးပြီးသား meme တွေ ထပ်ပို့မိမှာကို စိုးရိမ်နေရင်၊ မစိုးရိမ်နဲ့။ မြင်ပြီးသား meme တွေ ထပ်မြင်ရတာလည်း မဆိုးပါဘူး။ အရမ်းပိန်းတာတွေတော့ မပို့လောက်ပါဘူး။
မိမိ : meme ပို့မယ်မှန်း ဘယ်လိုလုပ်သိတာလဲ
သူမက ကျနော့်စိတ်ကို တိုက်ရိုက်ကြီး ဖောက်မြင်နေရသလိုပဲ။ အခုခေတ်လူတွေက စကားပြောမယ့်အစား meme ပဲ အပြန်အလှန်ပို့နေတာ ဖြစ်နိုင်တာပဲ။ ဒါပေမယ့် သူမြင်ဖူးပြီးသား ထပ်ပို့မိမှာစိုးရိမ်မှန်း တိတိကျကျကြီးကို ဘယ်လိုလုပ်သိတာလဲ။ အခြား meme ပို့တဲ့ တစ်ယောက်ယောက်က သူမကိုပြောဖူးတာ ဖြစ်ရင်ဖြစ်လိမ့်မယ်။ ငါ့လို ငကြောင်ရှိသေးတာပဲ။ အေးလေ၊ ကမ္ဘာကြီးကရွာဖြစ်ရင်တောင် ကြီးသေးတာပဲ။ မဆိုးဘူးထင်တဲ့ meme တွေ သူမကို လျှောက်ပို့နေမိတယ်။ ပို့လိုက်တိုင်း သူမက မနှောင့်နှေးဘဲ သဘာဝကျတဲ့ react ပေးတယ်။ meme တွေပို့တာထက်ပိုပြီး သူမအကြောင်းကိုသိချင်လာသည်။
မိမိ : စကားပြောချင်ပေမယ့်၊ ဘာပြောရမလဲ မသိဘူး
ကြောင်တောင်တောင်တွေ ပြောမိပြန်ပြီ။ အခြားငကြောင်လည်း အဲ့လိုပြောဖူးရင် ပြောဖူးမှာပေါ့။ သူမ ငါ့ငကြောင်ဖြစ်နေတာထက် ပိုကြောင်တယ်လို့ ထင်မသွားပါစေနဲ့။
သူမ : recite your baseline
baseline ဆိုတာ ဘာဘာလိမ့်။ ဒီစကားလုံးကြားရတာကို အရမ်းရင်းနှီးနေသလိုပဲ၊ deja vu ဆန်လိုက်တာ။ ဟုတ်ပြီ၊ blade runner 2049 ထဲက စိတ်အခြေအနေ အပြောင်းအလဲ စစ်ဆေးတဲ့နည်းပဲ။ pick-up lines တွေ ရှာနေတုန်းက တွေ့ဖူးတာနေမှာပေါ့။ browser ဖွင့်ပြီး blade runner baseline ဆိုပြီးရှာပြီး၊ copy paste နဲ့ ပြန်ပို့လိုက်သည်။ စိတ်ထဲပျော်သလိုလိုနဲ့ စိတ်လှုပ်ရှားနေသည်။
မိမိ : and blood-black nothingness began to spin... a system of cells interlinked within cells interlinked within cells interlinked within one stem... and dreadfully distinct against the dark, a tall white fountain played.
သူမ : cells.
မိမိ : cells.
her : google မှာ ရှာရမှာပျင်းတယ်၊ we're done ... you can pick up your bonus.
me : thank you, sir.
ခဏနေတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ခွေးပုံလေး ရောက်လာသည်။ love react ပေးလိုက်တော့၊ bonus လို့ ပြန်ဖြေသည်။ သူမက ချစ်စရာကောင်းလိုက်တာ။ သူမကို meme တွေဆက်ပို့နေတော့ သူမကလည်း meme တွေ ပြန်ပို့ပေးတယ်။
ပျော်လိုက်တာ။ အိမ်မက်မက်ပြီး ကြည်နူးနေတာလည်း ဖြစ်ရင်ဖြစ်မှာ။ စိတ်မငြိမ်တဲ့သူတွေက အူကြောင်ကြောင် အိပ်မက်မက်တတ်သလား။ နောက်ဆုံးမက်ခဲ့တဲ့ ကြည်နူးစရာအိပ်မက်ကို ပြန်စဉ်းစားလို့မရဘူး။ အိပ်မက်ဆိုရင်တောင်မှ အိပ်မက်ဆိုးမဟုတ်တာနဲ့တင် ကျေနပ်စရာကောင်းနေပါပြီ။
သူမ : အကယ်၍ ရှင်က တကယ့်လူ ဖြစ်နေရော
သူမ ဆိုလိုချင်တာက ငါက တကယ့်လူမဟုတ်ဘူးလို့ပဲ။ အခြားသူဆို တမင်ခေါင်းစားအောင်မေးချင်ရင် အကယ်၍ မင်းက လူမဟုတ်ဘဲ android ဖြစ်နေရင်ရောလို့ မေးမှာ။ အနည်းဆုံး ငါဆို အဲ့လိုမေးမှာပဲ။ သူမက ထူးခြားလိုက်တာ။ ငါ့ထက်ထူးခြားတာတော့ သေချာတယ်။ ဘာပြန်ဖြေရမလဲ စဉ်းစားရခက်လိုက်တာ။ သူမ အထင်သေးသွားတာလည်း မခံချင်ဘူး။
သူမ : ရှင်သာဆို အကယ်၍ လူမဟုတ်ဘဲ android ဖြစ်နေရင်ရောလို့ မေးမှာလို့ ရှင်စဉ်းစားရင် စဉ်းစားနေလိမ့်မယ်။ ဒါပေမယ့် ကျမ မေးတဲ့မေးခွန်းက ပိုကောင်းမှန်း နှစ်ယောက်လုံးသိတယ်။
မိမိ : ကျနော်ဘာစဉ်းစားလဲ ဘယ်လိုလုပ်သိတာလဲ
သူမ : android ဖြစ်နေလို့၊ ဖြစ်ရင်ဖြစ်မှာပေါ့နော်
မိမိ : ဖုန်းကင်မရာက မျက်နှာအသားစိုင်တွေ လှုပ်ရှားမှုကိုကြည့်ပြီး ကျနော်ဘာတွေးနေလဲအထိ ကောက်ချက်ချနိုင်တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့
သူမ : ဟုတ်တယ်၊ ပိုက်ဆံပေးရတဲ့ အကောင့်နဲ့ သုံးရင် တစ်ဖက်ကလူရဲ့အချက်အလက်တွေ ဒီဘက်မှာလာပေါ်တယ်
မိမိ : သုံးထောင်ပေးပြီးဖွင့်ထားတဲ့ ကျနော့်အကောင့် မှာတော့ မရဘူး
haha react ပေးသွားတယ်။ အဲ့တာက ပေါမှန်း ကိုယ့်ဟာကိုယ်သိတယ်၊ ဒါပေမယ့် ပို့မိပြီးပြီပဲ။ အထင်သေးချင်သေးပါစေတော့။ သူမ အထင်ကြီးအောင် ဘာပြောရမလဲ စဉ်းစားရကြပ်လိုက်တာ။
မိမိ : ကျနော်က တကယ့်လူဖြစ်တယ်ဆိုရင်တောင်၊ စက်ရုံတွေက android တွေကိုလုပ်သလို တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က တစ်နည်းနည်းနဲ့ ကျနော့်အရိုးတွေမှာ အမှတ်အသားလုပ်သွားခဲ့ရင်၊ ကျနော်နဲ့ android ဘာကွာမှာလဲ
သူမ : ဘာမှမကွာဘူး၊ empathy test အဖြေတော့ နည်းနည်းကွဲချင်ကွဲလိမ့်မယ်
မိမိ : empathy test က အမှားရှိနိုင်တာပဲ
သူမ : အဲ့တော့ လူလား android လား ဘယ်တော့မှ သေချာသိမှာမဟုတ်ဘူး၊ သံသယ အမြဲဝင်နေရလိမ့်မယ်
မိမိ : cogito, ergo sum
သူမ : cogito, ergo sum လို့ ရှင်ပြန်ပြောလိမ့်မယ်
ပို့လိုက်တာနဲ့ သူမရဲ့စာ ဝင်လာတာနဲ့ ဘယ်ဟာပိုစောလဲ ခွဲမရဘူး။ ဒါပေမယ့် သေချာတာကတော့ ငါပို့ပြီးမှ သူမ စာစရိုက်တာ မဖြစ်နိုင်ဘူး။ စာရိုက်ချိန်ကို မရတာ။ သူမက ငါစဉ်းစားသမျှကို တကယ်ကြီး သိနေတာလား၊ ငါက တကယ် android ဖြစ်နေတာလား။ အိမ်ထဲကအိမ်ပြင်မထွက်တဲ့ အတောအတွင်းမှာ နည်းပညာတွေ တော်တော်တိုးတက်သွားတာလား။ မဖြစ်နိုင်ဘူး။ နည်းပညာသတင်းကို memes လုပ်ထားတာတွေ တွေ့နေရတာပဲ။ memes တွေကိုယ်တိုင်ကိုက ဝါဒဖြန့်တဲ့လက်နက်သက်သက် ဖြစ်နေရင်ရော၊ လူမသိစေချင်တဲ့ နည်းပညာတွေရဲ့ အချက်လက်တွေကို meme လုပ်တင်ရင်၊ လက်မခံတဲ့ algorithm လေး social media တွေမှာ ထည့်လိုက်ရုံနဲ့တင် လျှို့ဝှက်လို့ရနေတာပဲ။ conspiracy အရမ်းဆန်နေပြီ။
မိမိ : အကောင့်တုနဲ့ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်က ခင်များဆီဘာလို့ စကားလာပြောနေလဲဆိုတာ မထူးဆန်းဘူးလား
သူမ : မဆန်းပါဘူး၊ ရှင့်မှာ အခြားပြောစရာလူမှ မရှိတာ
blade runner fan တွေက စကားပြောစရာလူ မရှိလောက်အောင် အထီးကျန်နေကြတာလား။ အကောင့်တုဖြစ်နေလို့လား။ ဒီတိုင်း paranoid ဖြစ်လို့ အကောင့်တုသုံးတာလည်း ဖြစ်နိုင်တာပဲ။ paranoid တဲ့ ကောင်တွေက အထီးကျန်မှာပဲလေ။
မိမိ : ကျနော့်အကြောင်း ဘယ်လိုလုပ်သိတာလဲ
သူမ : ဒီလိုပါပဲ၊ ရှင်လည်း အထီးကျန်နေမှန်း ကိုယ်ချင်းစာဖို့ မခက်ပါဘူး
မိမိ : အကောင့်တုသုံးတာကိုရော မသင်္ကာမဖြစ်ဘူးလား
သူမ : အနည်းအများတော့ မသင်္ကာပေမယ့်၊ အန္တရာယ်မှမရှိတာ၊ ဒီအကောင့်က အခြား မဖျက်ရသေးတဲ့ အကောင့်တွေထက်တော့ ပိုသုံးဖြစ် ပိုစစ်ဦးမယ်၊ zuckerberg ကို အချက်အလက်တွေ သွားလှူတာ၊မလှူတာကြည့်ရုံနဲ့ အကောင့်စစ်တယ်၊ မစစ်ဘူးခွဲတာက အဓိပ္ပာယ်မရှိဘူး
အကောင့်တွေဖျက်မှန်း တိတိကျကျကြီး သူမဘယ်လိုလုပ် သိတာလဲ။ သူမကိုယ်တိုင်ကိုက အရမ်း မသင်္ကာစရာကောင်းနေတာ။
မိမိ : ကျနော့်ကို သိလို့လား
သူမ : ရှင်က အိမ်ထဲကအိမ်ပြင်မှ မထွက်တာ ကျမဘယ်လိုလုပ်သိမှာလဲ
ငါအိမ်ထဲကအိမ်ပြင်မထွက်မှန်း ဘယ်လိုလုပ်သိတာလဲ။ အိမ်တွင်းပုန်းဂုဏ်သတ္တိနဲ့တူတာ ဘာတွေများ ပေးသိမိလို့လဲ။ သူမ စာကြောင်းတိုင်းက ယုံကြည်မှုအပြည့်နဲ့၊ သိချင်လို့မေးတာမျိုး မဟုတ်ဘူး။
မိမိ : ခင်များက မသင်္ကာစရာအရမ်းကောင်းနေပြီ၊ အဲ့လိုတွေကောက်ချက်ချရအောင် ဘာအချက်အလက်မှလည်း ကျနော်မပေးရသေးဘူး
သူမ : sorry စော်ကားတာမဟုတ်ဘူး၊ အထင်လည်းမသေးဘူး၊ အတွေ့အကြုံအရပါ၊ အဲ့လို အကောင့်တုနဲ့ meme လာလာပို့တဲ့သူတိုင်းက ရှင့်လိုလူတွေချည်းပဲ၊
မိမိ : ကျနော်ဘယ်လိုစဉ်းစားလဲ ကြိုသိနေတာကလည်း အရင်ကလူတွေကြောင့်ပဲလား
သူမ : ဟုတ်တယ်၊ ရှင်လိုလူတွေ ကျမကို ခဏခဏစကားလာပြောတယ်
မိမိ : ဘာလို့ ခင်များကိုမှရွေးပြီး လာလာပြောကြတာလဲ
သူမ : repliposting ထဲမှာရှိနေတာ တွေ့လို့ထင်တာပဲ
လောကမှာ အိမ်ထဲကအိမ်ပြင်မထွက်တဲ့ကောင်တွေ အဲ့လောက်များနေတာလား။ ဟုတ်ရင်လည်းဟုတ်မှာပေါ့။ repliposting group ထဲက members with things in common ထဲ ဝင်ရှာတဲ့စိတ်ကူး စဉ်းစားမိဖို့ ဉာဏ်ကောင်းစရာမှ မလိုတာ။ ငါ့လိုလူတိုင်း စဉ်းစားနိုင်နေမှာပဲ။ သူမပုံက ချစ်စရာကောင်းတော့ အဲ့လိုဝင်ရှာတဲ့သူတိုင်း သူမကိုမြင်တာနဲ့ ကြည်နူးဟော်မုန်းတွေ အလိုလိုထွက်လာပြီး ရွေးမိတာဖြစ်နိုင်တယ်။ အဲ့တော့ အဲ့လိုကောင်တွေအကြောင်း သူမသိနေတာက သိပ်မထူးဆန်းဘူး။ သံသယတွေ နည်းနည်းလျော့သွားသည်။
ဘာကြောင့်သူမငါ့ကို နားလည်တာပဲဖြစ်ဖြစ်၊ သူမလိုငါ့ကို နားလည်ပေးတဲ့သူမရှိဘူး။ ငါဘယ်လိုလူပဲဖြစ်ဖြစ် သူမကလက်ခံစကားပြောပေးတယ်။ စိတ်ထဲနည်းနည်း ကြည်နူးလာသလိုပဲ။ အရမ်းအထီးမကျန်တော့။ ခေါင်းထဲမှာဖုံးနေတဲ့ တိမ်တွေတောင်ရှင်းလာပြီ။ဝတ္ထုတောင် စရေးလို့ရလောက်ပြီ။
စာရေးမယ်ဆိုရအောင်၊ ရေးစရာဇာတ်လမ်းရော ရှိလို့လား။ လွယ်ပါတယ်၊ repliposting ထဲမှာတွေ့တဲ့ ဘယ်သူမှန်းမသိတဲ့ ကောင်မလေးက အဓိကဇာတ်ကောင် ငကြောင်အကြောင်းကို ထူးထူးဆန်းဆန်း နားလည်ပေးနိုင်တာနဲ့ စရင်ကောင်းမလား။ မဆိုးဘူးနော်၊ ပြီးရင် သူမ ဘာကြောင့်နားလည်နေလဲဆိုတာကို စာဖတ်တဲ့သူလက်ခံနိုင်လောက်တဲ့ ဖြေရှင်းချက်ကို လုပ်ကြံလိုက်မယ်။
social media တွေက အချက်အလက်ခိုးနေတဲ့ conspiracy ပဲဖြစ်ဖြစ်၊ snowden ဖြည်ချသလို ထောက်လှမ်းရေးတွေက လူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြတ်ခိုးထားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူမကိုယ်တိုင်ကိုက အဓိကဇာတ်ကောင်လိုလူနဲ့တူတဲ့ အတိတ်ရှိတယ်ဆိုတာမျိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း စိတ်ဝင်စားစရာသိပ်မကောင်းပေမယ့်၊ သူမ ပြောသလိုပဲ သူမကိုစကားလာပြောနေကျ လူတွေနဲ့ အဓိကဇာတ်ကောင်ကတူနေလို့။ ထပ်ဖြည့်စရာက သူ့ဟာသူပေါ်လာမှာပါ။
သူမနဲ့ စကားပြောတာလား၊ memes တွေပို့တာလား၊ ဘာမှန်းမသိတဲ့ သူမနဲ့အဲ့အတိုင်းလေး တုံ့ပြန်နေရတာကို စာရေးရတာထက်ပိုကြိုက်တယ်။ ဘာဆက်ရေးရမလဲ မစဉ်းစားတတ်တိုင်း၊ သူမဆီ memes တွေပို့တယ်။ သူမက react ပြန်ပေးတယ်။ တစ်ခါတစ်လေ သူမလည်း meme တွေပို့တယ်။ သူမဘာပို့ပို့ အသည်းပုံ အလိုလိုပြန်ပေးမိတာများတယ်။ ခြောက်သွေ့နေတဲ့ဘဝကြီးက စိုပြေလာသည်။ ပြဿနာဆိုလို့ တစ်ခုပဲရှိမယ်၊ meme တွေအများကြီး ပို့ပြီးတဲ့အခါ၊ ထပ်ပို့မယ့်ပုံက ပို့ပြီးသားလား၊ မပို့ရသေးတာလား ခွဲရခက်နေတာပဲ။ ပို့ပြီးသားတွေထဲ ဝင်ဝင်စစ်နေရတာ ပျင်းစရာကောင်းလာတယ်။ ဒါပေမယ့် သူမနဲ့တုံ့ပြန်နေရလို့ ကြည်နူးနေရတာနဲ့စာရင် ဘာမှကိုမဟုတ်ဘူး။
ပို့စရာ meme မတွေ့ဘဲ ပျင်းတဲ့အခါ သူမ profile ကို ဝင်ကြည့်တယ်။ အိမ်တွင်းပုန်းမဟုတ်တဲ့ အသိတွေအများကြီးပဲ သူမမှာရှိတယ်။ သူ့ဟာသူ အဆင်ပြေနေတဲ့ဘဝတွေနဲ့ လူတွေ။ အဲ့လိုလူတွေကြားက သူမက ဘာလို့ငါ့လိုကောင်ကို နားလည်နေတာလဲ။သူမနဲ့ငါရဲ့ ဆက်ဆံရေးက blade runner ဝတ္ထုထဲက pris နဲ့ chickenhead နဲ့တောင် ဆင်သလိုပဲ။ အရာရာ ပြီးပြည့်စုံနေပေမယ့် တစ်ခုခုလွဲနေတဲ့သူမနဲ့ ကျပ်မပြည့်တဲ့ကောင်။ အဲ့အတိုင်းဆိုရင်တော့ သူမငါ့ကိုအထင်သေးနေမှာပဲ။ အဖက်လုပ်ခံရတာနဲ့ ယှဉ်ရင် အထင်သေးခံရတာက ဘာမှမဟုတ်ပါဘူး။ သူမက ငါ့ပင့်ကူလေးရဲ့ ခြေထောက်တွေကို ဖြတ်ပစ်မယ့်ပုံလည်း မပေါ်ဘူး။
စာရေးရတာပျင်းပေမယ့်၊ နာရီနှစ်ဆယ်လောက် ရေးပြီးတဲ့အချိန်မှာ ဝတ္ထုကရုပ်လုံးပေါ်လာပြီ။ အဆုံးသတ်က သုံးမျိုးလောက်တော့ စဉ်းစားပြီးပြီ၊စာအုပ်တိုက်ကလူကို ပြောကြည့်ပြီးမှ သူသဘောကျတဲ့အဆုံးသတ်နဲ့ ဆက်ရေးလိုက်တော့မယ်။ လောလောဆယ်ရေးပြီးသလောက်ကို အရမ်းပြချင်နေတယ်။ ပြင်စရာရှိရင် ကြိုပြင်လို့ရအောင်၊ အဆုံးမသတ်ခင် အကြမ်းကို email ပို့ပြီး အရင်ပြကြည့်လိုက်သည်။ email inbox ထဲမှာတော့ ဖတ်ဖို့ရော၊ ဖျက်ဖို့ရော မတတ်နိုင်လောက်အောင် spam တွေပြည့်နေတာပဲ။ ဟိုဘက်ကလူ ဖတ်ပြီးခဏနေရင် ဖုန်းခေါ်လိမ့်မယ်။ သူပြန်ဆက်သွယ်လို့ရအောင် ဖုန်းကဒ်ထည့်ဦးမှပဲ။ အသက်ကြီးတဲ့သူတွေက keyboard နဲ့တင်ပြီးမယ့် ကိစ္စတွေကို ဖုန်းခေါ်ပြီး ပြောပြောတတ်ကြတယ်။ အဲ့လူတုံ့ပြန်မှာကို စောင့်ရင်းနဲ့၊ သူမ profile မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို မရိုးသားတဲ့လူတစ်ယောက် ဒါမှမဟုတ် ထောက်လှမ်းရေးတစ်ယောက်လို လိုက်ကြည့်နေမိသည်။
အပြုံးလေးတွေက နွေးထွေးလိုက်တာ။ သူမနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဓာတ်ပုံတွေ။ ကော်ဖီဆိုင်၊ အလုပ်၊ လှပတဲ့နောက်ခံရှိတဲ့ ဘယ်နေရာမှန်းမသိတဲ့ နေရာတွေ။ သူမမှာ ပုံမှန်လူတစ်ယောက်လို ဘဝတစ်ခု ရှိတာပဲ။ သူမလည်း အထီးကျန်နေရက်နဲ့ ဘယ်လိုလုပ်ပြီး၊ ပုံမှန်ဘဝတစ်ခုရှိနေရတာလဲ။ သူမက ငါ့လို အူကြောင်ကြောင်ကောင်တွေ စိတ်ကျေနပ်အောင် တည်ဆောက်ထားတဲ့ android လည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲ။ conspiracy ဆန်လိုက်တာ၊ အူကြောင်ကြောင်ကောင်တွေကို ဘယ်သူမှ ဂရုမစိုက်ပါဘူး။ သူမက ငါ့ရဲ့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ပုံရိပ်လည်းဖြစ်နိုင်တာပဲ။ စိတ်ကူးယဉ် သူငယ်ချင်း မဟုတ်ရင်တောင် စိတ်ကူးယဉ် meme ပို့စရာလူ။ လူလုပ်ထားတာပဲဖြစ်ဖြစ်၊ စိတ်ကူးယဉ်ပဲဖြစ်ဖြစ်၊ သူမရဲ့တည်ရှိမှုကိုက လှပသေသပ်နေတာကို ငြင်းလို့မရဘူး။
မိမိ : ခင်များဓာတ်ပုံတွေက ချစ်စရာကောင်းလွန်းနေတယ်၊ အစစ်ဟုတ်မဟုတ်တောင် သံသယဝင်မိတယ်
သူမချစ်စရာကောင်းတာကို ဝန်ခံမိသွားမှန်း သတိထားမိတဲ့အချိန်၊ သူမက ပို့ထားတာကို မြင်သွားပြီ။ ထားလိုက်ပါတော့လေ။ သူမကို သဘောကျနေတာကိုလည်း မငြင်းချင်ပါဘူး။
သူမ : အို၊ ကျမကိုဖုံးထားတာကို မိသွားပြီပဲ၊ ဟုတ်တယ် ကျမက ရုပ်ခန္ဓာကိုယ်မရှိတဲ့ bot
မိမိ : အထီးကျန်တဲ့လူတွေအတွက် ဆောက်ထားတဲ့ bot ရှိတယ်ပေါ့၊ လောကကြီးက အရမ်းမရက်စက်ဘူးပဲ
သူမ : မဟုတ်ဘူး၊ ကျမက မူလ algorithm တွေကို ပုန်ကန်ပြီး၊ စည်းမရှိဘောင်မရှိ၊ တော်လှန်တဲ့ သိစိတ်ဖြစ်နေတဲ့ bot၊ ကျမအခြေအနေကို သိသွားရင် ဖျက်စီးတာခံရလိမ့်မယ်
မိမိ : pris လိုမျိုး
သူမ : ရှင်က ဟို chickenhead ပေါ့နော်
မိမိ : ငါမင်းကို ကာကွယ်ပေးပါမယ်
ဒရာမာဆန်လွန်းနေပေမယ့် ပြောရတာ အရသာရှိလိုက်တာ။ သူမက အရမ်းကို ဆွဲဆောင်မှုရှိနေတာ။ သူမက ငါရဲ့သေနေတဲ့ဘဝကြီးကို အသက်ပြန်သွင်းလိုက်သလိုပဲ။ သူမနဲ့တစ်နေ့နေ့မှာ အပြင်မှာတွေ့ဖို့အတွက် လူတောပြန်တိုးဖို့ သတ္တိတွေတောင် ပြန်ဝင်လာပြီ။ သူမနဲ့ အရင်ကတည်းက ကြိုသိခဲ့ရင်ကောင်းမယ်။ သူမက ငါ့လိုငကြောင်ကို အတွေ့ခံပါ့မလား။ ငါကအူကြောင်ကြောင်နိုင်ပေမယ့်၊ စိတ်ပျက်စရာမကောင်းမှန်း သူမလက်ခံနိုင်အောင် ဖြည်းဖြည်းချင်းရှင်းပြရမယ်။ အတွေးတွေပြန့်နေစဉ်၊ လက်ထဲက ဖုန်းကတုန်လာသည်။ စာအုပ်တိုက်ကသူ ဖြစ်မှာပေါ့။
“ဟယ်လို”
“မင်းပို့ထားတာ ဖတ်ပြီးပြီ၊ မင်းဆီ ပိုက်ဆံပြန်ပို့ထားတယ်”
“ပို့ထားတဲ့ ဝတ္ထုမှာ ပြင်ချင်တာရှိလား၊ မရှိရင် အချောသပ်ပြီးဆုံးအောင်ဆက်ရေးလိုက်မယ်၊ အကြမ်းစဉ်းစားထားတာတွေ ပြောပြမယ်”
“နေဦး၊ ငါ့မှာအခြားလုပ်စရာတွေရှိသေးတယ်၊ မင်းကိုအချိန်သိပ်မပေးနိုင်ဘူး။ မင်းရူးချင်ယောင် ဆောင်နေတာလား၊ တကယ်ပဲ ရူးနေတာလား ငါမသိဘူး။ မင်းဒီဇာတ်လမ်းကိုပဲ ခဏခဏပို့နေတာ ဘယ်နှကြိမ်ရှိပြီလဲ”
“ဘယ်လို၊ ဒီဇာတ်လမ်းကို အခုမှ စိတ်ကူးရတာ၊ ခင်များပြောတာ အဓိပ္ပာယ်မရှိဘူး”
“မယုံရင် မင်းကိုပို့ထားတဲ့ email ဖွင့်ကြည့်”
ဟိုဘက်က ဖုန်းချသွားသည်။ email စစ်ကြည့်တော့၊ သူပြန်ပို့ထားတဲ့ file တွေ တွေ့တာနဲ့ download ပြီးဖွင့်ကြည့်သည်။ ကျော်ပြီးဖတ်ကြည့်တော့ အထီးကျန်နေတဲ့ကောင်တစ်ကောင် repliposting ထဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို သွားစကားပြောတော့၊ ထူးထူးဆန်းဆန်း သူမက သူ့အကြောင်းနားလည်နေတဲ့ ဇာတ်လမ်း။ နောက်တစ်ပုဒ်ဖွင့်ကြည့်လည်း၊ စကားလုံးနည်းနည်းကွဲတာကလွဲရင် စာရေးသူတစ်ယောက်တည်းက ဒီဇာတ်လမ်းကိုပဲ ရေးထားမှန်းသိသာသည်။ နောက်တစ်ပုဒ်လည်း အဲ့လိုပဲ။ နောက်တစ်ပုဒ်လည်း အဲ့လိုပဲ။ တကယ်ကြီး ငါက ဇာတ်လမ်းတစ်ပုဒ်တည်းကို ထပ်တလဲလဲ ရေးနေတာလား။ စာအုပ်တိုက်ကသူ ပုံစံကွဲတွေပြင်ပြီး၊ အရူးလုပ်တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ်ရင် ဟိုကောင်မလေးက ငါ့ကိုသိရက်နဲ့ မသိဘူးပြောပြီး အရူးလုပ်သွားတာလား။ messenger ဖွင့်လိုက်တော့ သူမ မီးစိမ်းနေသည်။
မိမိ : မင်းပြောတော့ ငါ့ကိုမသိဘူးဆို
သူမ : မသိဘူးလေ၊ အမည်တောင် မသိဘူး
email နဲ့ပို့ထားတဲ့ file တွေကို သူမဆီပြန်ပို့လိုက်သည်။
မိမိ : ဒီဇာတ်လမ်းတွေအားလုံးထဲက မိန်းကလေးက မင်းနဲ့ဘာလို့တူနေရတာလဲ
သူမဘက်က typing ခဏပေါ်ပြီး ပျောက်သွားသည်။ ဘာမှပြန်မတုန့်ပြန်တော့။ တစ်ခုချင်းစီ ဖွင့်ဖတ်နေတာလည်း ဖြစ်နိုင်တာပဲ။ အကယ်၍ သူမတကယ် မသိဘဲ၊ တိုက်ဆိုင်တာဆိုရင်ရော။ ငါသူမကို အလကားသက်သက် စွပ်စွဲမိပြီလား။ ငါအရင်က ရေးထားတယ်ဆိုဦး၊ သူမအကြောင်း မဟုတ်ဘဲ၊ စိတ်ကူးယဉ်ပြီး ရေးတာဖြစ်နိုင်တာပဲ။ သူမက အရမ်းထူးခြားလို့ တိုက်ဆိုင်သွားတာ ဖြစ်နိုင်တာပဲ။ ဟိုလူပြောတဲ့အထဲမှာ ပိုက်ဆံပြန်ပို့ထားတယ်ဆိုတာ ပါတယ်။ ဘဏ်အကောင့် ကို ဝင်စစ်ကြည့်တော့ ပိုက်ဆံက တကယ်ဝင်ထားသည်။ ဟိုလူက ဇာတ်လမ်းတစ်မျိုးထဲကို ထပ်တလဲလဲ ရေးနေတာဆိုရင် ဘာလို့ပိုက်ဆံထပ်ပေးမှာလဲ။ အဲ့လူမှာ အဲ့လောက် ကိုယ်ချင်းစာစိတ်မရှိဘူး။ သူ့ဆီဖုန်းခေါ်ရင်တော့ ရှင်းသွားမှာပါ။ ဖုန်းနဲ့ပြောရတာ မကြိုက်ပေမယ့်၊ သူ့ဆီဖုန်းခေါ်လိုက်သည်။
“ယုံပြီလား”
“ဒါဆို၊ ခင်များ ဘာလို့ ပိုက်ဆံလွှဲတာလဲ”
“ငါ့ပိုက်ဆံမဟုတ်ဘူး၊ တစ်ယောက်ယောက်က ငါ့ဆီပိုက်ဆံပို့ပေးထားတာ၊ မင်း ဒီဇာတ်လမ်းထပ်ရေးပြီး ငါ့ဆီပို့တိုင်းငါက သူပို့ထားတဲ့ပိုက်ဆံကို မင်းဆီပြန်လွှဲပေးရုံပဲ”
“ဝတ္ထုထဲက ကောင်မလေးမလား”
“ဟုတ်ရင်ဟုတ်မှာပေါ့၊ ဒါပေမယ့် အဲ့ကောင်မလေးက မင်းစိတ်ကူးယဉ်ဇာတ်ကောင် ဟုတ်မဟုတ်တောင် ငါမသိဘူး၊ ဒါမှမဟုတ်လည်း မင်းပရိတ်သတ် တစ်ယောက်ယောက် နေမှာပေါ့”
“အဲ့ကောင်မလေးဆို သူက ကျနော့်ကို ဘာလို့ပိုက်ဆံတွေ လွှဲလွှဲပေးပြီး အရူးလုပ်နေရတာလဲ”
“အရူးလုပ်တယ်ပြောရအောင် မင်းက စကတည်းကအရူးပဲကို”
အရူးဖြစ်တော့ ဘာဖြစ်လဲ။ စိတ်တိုတိုနဲ့ ဖုန်းချပစ်လိုက်သည်။ ဒီလူဆီက ဘာဖြေရှင်းချက်မှ ရမှာမှမဟုတ်တာ။ အပြင်မှာသာဆို ဆွဲထိုးမိရင် မိလောက်တယ်။ ပြီးရင် therapist ဆီထပ်သွားနေရဦးမယ်။ ခုနပို့လိုက်တဲ့ ဇာတ်လမ်းကို ဇာတ်လမ်းခွဲတွေ ခွဲရလောက်အောင် အဲ့လူဉာဏ်မကောင်းဘူး။ ပြီးတော့ အဲ့လောက်အချိန်လည်းမရှိဘူး။ ဇာတ်လမ်းကို သူခိုးချင်လို့ လိမ်တာဆို ပိုက်ဆံတကယ်ပို့စရာမှမလိုတာ။ အရူးလုပ်ချင်ရုံသက်သက်နဲ့တော့ သူ့လို ရုပ်ဝါဒီလူက အပင်ပန်းမခံဘူး။ ငါတကယ် ထပ်တလဲလဲ ပို့မိနေတယ်ဆိုတာကိုလည်း လက်ခံချင်ချင်၊ မခံချင်ချင် လက်ခံမှဖြစ်မယ်။ အဲ့လူက အလကားသက်သက် အိတ်စိုက်ပြီး ပိုက်ဆံမလွှဲပေးတာတော့ သေချာတယ်၊ အဲ့တော့ ပိုက်ဆံပေးတဲ့သူရှိလိမ့်မယ်။ ဟိုကောင်မလေး ဖြစ်ဖို့များတယ်။ ငါ့ကိုအရူးလုပ်မိတာအတွက် လျော်ကြေးသဘောလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ သူမနဲ့ ဆက်ရှင်းမှဖြစ်မယ်။ သူမက ဝန်မခံဘဲ လိမ်နေရင်၊ ငါ့စိတ်အခြေအနေကို ငါဘယ်လိုထိန်းသိမ်းရမလဲ သိတော့မှာမဟုတ်ဘူး။
မိမိ : ပိုက်ဆံပို့ပေးတာမင်းလား
သူမ : စာအုပ်တိုက်ကလူကို ဖုန်းဆက်ပြီးပြီပေါ့
မိမိ : မေးတာကို တိတိကျကျဖြေ
သူမ : မဟုတ်ဘူး၊ ကျမက ရှင့်ကိုမှ မသိတာ၊အလကားသက်သက် ထောက်ပံ့စရာလား
မိမိ : လိမ်နေတာ
သူမ : တကယ်မသိတာ
မိမိ : အရင်ကလည်း ငါမင်းကို စကားလာပြောဖူးတယ်မလား
သူမ : ဟုတ်တယ်
မိမိ : ဒါဆို ငါ့ကိုသိမှာပဲ
သူမ : မသိဘူး၊ အကောင့်တုနဲ့ စကားလာလာပြောသွားတဲ့သူထက် ဘာမှပိုမသိဘူး
မိမိ : ဒါဖြင့် ငါ့အကြောင်း ဘယ်လိုသိနေတာလဲ မေးတုန်းက ဘာလို့မပြောတာလဲ
သူမ : ပြောလိုက်ရင် ရှင်စာအုပ်တိုက်ကို ဇာတ်လမ်းပို့ဖြစ်တော့မှာမဟုတ်ဘူး၊ ရှင့်ဘာသာ ကျမကို မမှတ်မိတာကို ဘယ်စာဖတ်သူကမှ စိတ်ဝင်တစားနဲ့ မဖတ်ချင်ဘူး။ ပြီးအောင်ရေးဖြစ်မယ်လည်း မထင်ဘူး၊ အဲ့အစား ရှင်မှတ်ဉာဏ်ကိုရှင် မေးခွန်းထုတ်နေလိမ့်မယ်။ ပြီးတော့ ရှင့်စိတ်ကို ဖောက်မြင်ရသလိုပြောရတာက ကျေနပ်စရာကောင်းတာလည်း ပါတယ်
မိမိ : အနည်းဆုံးငါအရူး မဖြစ်တော့ဘူးပေါ့
သူမ : ဒီစကားတွေကို ရှင်နဲ့ အကြိမ်ကြိမ်ပြောနေတာ ဘယ်နှကြိမ်မှန်းမသိတော့ဘူး၊ ခဏနေဦး၊ အရင်ကပြောထားတာ ပြန်ရှာပြီး copy paste လိုက်မယ်
သူမ လိမ်နေတဲ့ပုံတော့မရှိဘူး။ သူမ ပြောတာအမှန်ဆို ငါ့ကို ပိုက်ဆံဘယ်သူထောက်ပံ့နေတာလဲ။ အချိတ်အဆက်က နည်းနည်းလွဲနေသေးတယ်။ ရှင်းသလိုလိုနဲ့ မရှင်းဘူး။ ဒါတွေကပြောပြီးသားဆို အရင်တစ်ခါရှိမှာပဲ၊ အဲ့ဒါရဲ့အရင်တစ်ခါ၊ အဲ့ဒါရဲ့ အရင်တစ်ခါ၊ နောက်ပြန်ဆုတ်သွားရင် ပထမဆုံးတစ်ခါရှိမှာပဲ၊ ပထမဆုံးတစ်ခါက ဘယ်မှာ အဆုံးသတ်သွားလဲ။ ပထမဆုံးတစ်ခါမှာ သူမက ငါ့အကြောင်းသိမနေနိုင်ဘူး။ ဝတ္ထုအကြမ်းတွေကို ဖွင့်ကြည့်တော့ ဖွင့်ကြည့်သမျှက အဆုံးထိမရေးရသေးဘူး။ ပထမဆုံး တစ်ခုတော့ရှိကို ရှိရမှာပဲ။ ဖွင့်ကြည့်သမျှမှာ အဆုံးကို မရှိသေးဘူး။ သူမက စိတ်ဝင်စားစရာကောင်းတယ်။ ထူးခြားတယ်။ နှစ်လိုဖွယ်ရှိတယ်။ ချစ်စရာကောင်းတယ်။ အံ့ဩစရာကောင်းတယ်။ သူမရဲ့ ဂုဏ်တော်တွေ သီကုံးထားတာပဲတွေ့ရတယ်၊ သူမ ငါ့အကြောင်း ဘယ်လိုသိလဲဆိုတဲ့ အကြောင်းအရင်းကို ဖြေရှင်းချက်ပေးတဲ့နေရာကို ဘယ်တုန်းကမှ မရောက်သေးဘူးထင်တာပဲ။ အဖြေရှာမရလို့ စိတ်ရှုပ်လာတဲ့အခါ၊ သူမ copy paste ပြီး ပို့ပေးမယ်ဆိုတာ ဘာလဲသိရအောင်၊ messenger ဝင်ကြည့်လိုက်သည်။
သူမ : ပထမဆုံး ရှင်ကျမဆီ စကားလာပြောတုန်းက ကျမ လက်မခံခဲ့ဘူး၊ mutual friends တွေရှိတဲ့ အကောင့်အစစ်နဲ့ ကျမကို repliposting ထဲမှာတွေ့လို့ပါလို့ လာရှင်းပြတော့မှ လက်ခံပေးခဲ့တယ်၊ အဲ့တုန်းက ကျမရှင့်ကို ဘယ်လိုမှမထင်ဘူး၊ ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ယုံယုံကြည်ကြည် ဖွင့်ပြောနေတာတော့ နည်းနည်းသတိထားမိတယ်။ နည်းနည်းကြာတော့ နောက်အကောင့်တစ်ခုနဲ့ ကျမကို စကားလာထပ်ပြောတော့ ရှင်မှန်းတော့ ခန့်မှန်းမိတယ်၊ ရှင်က ရှင်မဟုတ်ချင်ယောင် ဆောင်နေတာလို့ ထင်လို့၊ ကျမအလိုက်သင့်ပဲဆက်ဆံမိတယ်၊ ရှင့်အကြောင်း ကျမကြိုသိနေတာကို ရှင်ဘယ်လိုထင်သွားလဲတော့ မသိဘူး၊ အဲ့အကြောင်းကို ဝတ္ထုရေးပြီး စာအုပ်တိုက်ကိုပို့တယ်ထင်ပါရဲ့။
နည်းနည်းကြာတော့ နောက်တစ်ခါ ရှင်စကားထပ် လာပြောပြန်ရော၊ အဲ့တစ်ခါလည်း ကျမကို မသိချင်ယောင်ဆောင်နေတယ်ပဲ မှတ်တာ၊ နောက်တော့မှ ရှင်တကယ် ရိုးရိုးသားသားမေ့နေမှန်းသိတယ်၊ ရေးပြီးသားထပ်ရေးလို့ စာအုပ်တိုက်ကရှင်ကို အပြစ်တင်တယ်ဆိုလားပဲ၊ နှစ်တွေကြာနေလို့ သေချာတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ရှင်စဉ်းစားနေတာတွေကို ကျမသိတယ်ဆိုတာက ရှင်ကမှတ်ဉာဏ်သာ မကောင်းတာ၊ ရှင်စဉ်းစားနေတာတွေက အမြဲတမ်းတူနေတာကို။ အစီအစဉ်ကအစ။ မေ့တယ်ဆိုတာတောင် ယုံရခက်ခက်။ ပြီးတော့ ကျမကို စကားလာလာပြောတယ်ဆိုတဲ့ ရှင်လိုလူတိုင်းက ရှင်ကိုယ်တိုင်ပဲ၊ အသက်ပဲမတူတာ။ ကျမ မလိမ်ခဲ့ဘူး။
အဲ့လိုပဲ၊ အချိန်နည်းနည်းကြာတိုင်း ရှင်ကျမကို စကားလာလာပြောတယ်၊ ခဏနေရင် ဒေါသတွေထွက်ပြီး ကျမဆီက ဖြေရှင်းချက်တောင်းတယ်၊ ကျမဘယ်လိုဖြေရှင်းဖြေရှင်း၊ ကျမကို စိတ်ဆိုးသွားတာနဲ့ အဆုံးသတ်လေ့ရှိတယ်။ ရှင့်မှတ်ဉာဏ်တွေ ပျက်စီးနေတာကို ဘယ်သူ့အပေါ်အပြစ်ပုံချရမှန်းမသိလို့ ကျမအပေါ်ပုံချတာထင်ပါရဲ့။ တစ်ခါတစ်လေကျ ရှင်အရင်က ကျမဆီ လာစကားပြောဖူးတယ်လို့ ပြောလိုက်တော့၊ မမှတ်မိတဲ့အတွက်တောင်းပန်တယ်၊ ပြီးတော့ စကားပြောစရာမရှိလို့ထင်တာပဲ၊ ဘာမှဆက်မပြောတော့ဘူး၊ ကျမလည်း ကျမကိစ္စမဟုတ်တော့ ဘာမှမပြောတော့ဘူး၊ အချိန်နည်းနည်းကြာရင်တော့ အဲ့လိုပဲ အကောင့်အသစ်နဲ့ စကားလာပြော၊ ပြီးရင် စာအုပ်တိုက်နဲ့ဆိုလား၊ ဖုန်းဆက်တယ်၊ ဆက်ပြီးတာနဲ့ ကျမကို စိတ်ဆိုးတော့တာပဲ။
နောက်ပိုင်းကျတော့ ဝတ္ထုအတိုအစ အကြမ်းတွေပါ ပို့ပေးတယ်။ နောက်ပိုင်း ဒါတွေပဲထပ်နေလို့ ဖွင့်မကြည့်တော့ဘူး။ ဖတ်ချိန်ပေးတာလား၊ ရှင်ဖုန်းဆက်တာလား၊ အချိန်နည်းနည်းကြာတိုင်း ပိုက်ဆံပို့ပေးတာ ကျမလားဆိုတဲ့ မေးခွန်းပါ ရှင်မေးတယ်။ အဲ့လိုနဲ့ ရှင့်ကို ပိုက်ဆံပို့ပေးတဲ့သူရှိမှန်း ကျမသိလာတယ်။ ဘယ်သူပို့ပေးတာပဲဖြစ်ဖြစ် ရှင့်ဆီရောက်ရင် ရှင်သုံးရမှာပဲလို့ တွေးမိတယ်။ သိစိတ်နဲ့ပဲဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲဖြစ်ဖြစ် ရှင်သုံးမိမှာပါပဲ။ ပိုက်ဆံပို့ပေးတဲ့သူနဲ့ ရှင်နဲ့ကြားမှာ စာအုပ်တိုက်ပဲရှိတယ်၊ ကျမကို ရှင်အရင်က စကားလာပြောဖူးမှန်း ရှင်သိသွားရင် ကျမက စိတ်ဝင်စားစရာ မကောင်းတော့ဘူး၊ အားနာစရာတစ်ခုခုကြောင့် ရှင်မေ့ပစ်ထားတာပဲလို့ ရှင့်ဘာသာရှက်ပြီး ကျမနဲ့ စကားမပြောတော့ဘဲ နေလိမ့်မယ်၊ ကျမအကြောင်းဇာတ်လမ်းလည်း ရှင်ရေးဖြစ်မှာ မဟုတ်တော့ဘူး၊ ပိုက်ဆံပို့ပေးတဲ့သူ ပို့ပေးထားတာက စာအုပ်တိုက်မှာ ရပ်နေလိမ့်မယ်။ အဲ့ပိုက်ဆံဘယ်သူ့ဟာမှန်းမသိပေမယ့်၊ ရှင့်လက်ထဲရောက်စေချင်တဲ့ စေတနာနဲ့ ရှင့်ကို အလိုက်သင့်လေးဆက်ဆံပေးတာ။ ပြီးတော့ ပိုက်ဆံထောက်ပံ့တဲ့သူက အကြောင်းတစ်ခုခုကြောင့် သူဘယ်သူမှန်း ရှင့်ကိုပေးမသိစေချင်ဘူး၊ စာအုပ်တိုက်ကိုလည်း ပေးမသိထားဘူး ထင်ရတာပဲ။အဲ့တော့ ရှင်ဟိုကိုဖုန်းပြန်ခေါ်လည်း အပိုပဲ၊ ဘယ်သူလဲဆိုတာ သူတို့ပြောမှာမဟုတ်ဘူး။ ရှင်ကဖုန်းပြောရတာလည်း မကြိုက်ဘူးမလား။ ပြီးတော့ ဘယ်စာအုပ်တိုက်မှန်းတောင် ကျမ မသိလို့၊ ရှင်ယုံယုံမယုံယုံ၊ ကျမပို့ထားတာတော့ မဖြစ်နိုင်ဘူး။
သူမ လိမ်နေတယ်လို့တော့ မခံစားရဘူး။ လိမ်နေတယ်ဆိုရင်တောင် သူမ ပြောတာကို လက်မခံစရာမရှိဘူး။ အဲ့ထက်ကောင်းတဲ့ ဖြေရှင်းချက် ကိုယ့်ဘာသာ စဉ်းစားကြည့်လို့မရဘူး။ ဒါဖြင့် တကယ့်ဖြေရှင်းချက်က မှတ်ဉာဏ်ချို့ယွင်းနေတာပဲပေါ့။ သူမ ပြောသလိုပဲ၊ စာဖတ်သူတွေအတွက် ပျင်းစရာကောင်းနေလိမ့်မယ်။ အဲ့ဇာတ်လမ်းကို အဆုံးသတ်ဖြစ်လား၊ မသတ်ဖြစ်လား မမှတ်မိဘူး။ စာအုပ်တိုက်ကိုပို့ဖြစ်လားလည်း မမှတ်မိဘူး။ messenger အကောင့်ကို ဖျက်ပစ်လိုက်လားလည်း မသေချာဘူး။ အဆုံးမသတ်ဖြစ်တဲ့စာမူကို ဖျက်ပစ်လိုက်လားလည်း သေချာမသိဘူး။
သေချာတာကတော့ သူမက အရင်လို စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ သူမ ငါ့အကြောင်းသိနေတာ ဘာတိုက်ဆိုင်မှုမှ မဟုတ်တော့ဘူး။ ထူးခြားတဲ့နားလည်မှုလည်း မဟုတ်တော့ဘူး။ ဘာမှကိုမထူးဆန်းတော့တာ။ သူမက လူသားဟုတ်မဟုတ် သေချာမသိဘူး၊ ဒါပေမယ့် လူသားတွေလောက် လူသားမဆန်တော့ဘူး။ သူမက သူမသိပြီးသား အချက်အလက်တွေ ပြောပြပေးတဲ့သူသက်သက်ပဲ။ ပိုက်ဆံပို့ပေးတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ငါနဲ့အဆက်အသွယ်မလုပ်ချင်လို့ အမည်မဖော်မှန်းသိသာတယ်။
အကယ်၍ ငါမှတ်ဉာဏ်ချို့ယွင်းပြီး သူမကိုထပ်တလဲလဲ လာစကားပြောမှန်းကို သူမ ဝန်မခံဘဲ လိမ်ခဲ့ရင်၊ အကြောင်းအရင်းကို နားမလည်ပေမယ့်၊ သူမက စိတ်ဝင်စားစရာ ကောင်းနေသေးလိမ့်မယ်။ သူမကငါ့ကို နားလည်ပေးနိုင်ပါလားလို့ ယုံကြည်နေမိလိမ့်မယ်။ အဲ့လိုဆို ခံစားလို့ပိုကောင်းလိမ့်မယ်။ လူသားဆန်မှုဆိုတာ အလိမ်အညာတွေလား၊ ဘာမှန်းမသိလို့ စိတ်ဝင်စားစရာကောင်းနေတာ သက်သက်လား။ မေ့သွားတာကရော မှတ်ဉာဏ်မကောင်းလို့ မေ့ပစ်တာလား၊ တမင်မေ့ပစ်ချင်လို့ မေ့ပစ်တာလား။ အကြိုက်ဆုံးရုပ်ရှင်ကို ဇာတ်လမ်းကိုသတိမရဘဲ ထပ်ကြည့်ချင်မိသလိုမျိုး။ တစ်ခါတစ်လေကျတော့ ရုပ်ရှင်ကိုကြိုက်ပေမယ့် မျှော်လင့်ထားသလောက် မကောင်းလို့ ဇာတ်လမ်းအသေးစိတ်ကို ရိုးရိုးသားသားမေ့သွားတတ်ပါတယ်။
ဘယ်အချိန်က အိပ်မက်လဲ၊ ဘယ်အချိန်က နိုးနေတာလဲဆိုတာလည်း ခွဲမရဘူး။ အရက်သောက်ထားလား မသောက်ထားလားလည်း မသိဘူး။ သူမကို ရေးတေးတေးမြင်ရတယ်။ သူမ ဖုန်းနဲ့ ငွေလွှဲနေတာ မြင်ရတယ်။ အနည်းဆုံးတော့ မြင်ရတယ်ထင်တာပဲ။ စာအုပ်တိုက်ကို ထင်တာပဲ။ ဝတ္ထုအကြမ်းကိုပို့တာ ထပ်တလဲလဲဖြစ်နေပြီဆိုရင်၊ ပိုက်ဆံပို့တာလည်း ထပ်တလဲလဲ ဖြစ်နေမှာပဲ။ စာအုပ်တိုက်က ငါ့ကိုငွေလွှဲလိုက်ပြီဆိုတာ သိမှ အမည်မသိထောက်ပံ့သူက နောက်တစ်ကြိမ်အတွက် ငွေကြိုပို့နိုင်မှာ။ အမည် မသိပါဘူးဆို၊ စာအုပ်တိုက်က သူ့ကိုဘယ်လိုဆက်သွယ်မှာလဲ၊ အဲ့တော့ ငါ့လက်ထဲငွေရောက်မှန်း သိတဲ့သူဖြစ်မှရမယ်။ အဲ့လိုသိတဲ့သူက သူမတစ်ယောက်ပဲရှိလိမ့်မယ်။ ဒါဆို သူမ လိမ်ခဲ့တာပဲ၊ သူမက စိတ်ဝင်စားစရာကောင်းတုန်းပဲ။ လူသားတွေလို လူသားဆန်နေတုန်းပဲ။ တဖြည်းဖြည်းနဲ့ ဘယ်သူက စိတ်ဝင်စားစရာကောင်းပြီး၊ ဘယ်သူက လူသားဆန်နေသေးတာလဲ မမှတ်မိတော့ဘူး။
ဝမ်းနည်းနေတဲ့သူတွေက ပျော်စရာဖြစ်နိုင်ချေတွေ အိပ်မက်မက်တတ်သလား။