jasmine's bizarre adventure

pinkius
April 2021

"ကြယ်ကြည့်ချင်တယ်၊ ကားအမိုးကိုပိတ်ပေး"


ကောင်းကင်ကိုမော့ကြည့်နေတဲ့ သူငယ်ချင်းက လှမ်းပြောတယ်။ ကားအမိုးပိတ်တဲ့ခလုတ် နှိပ်ပေးလိုက်တယ်။ ကြယ်မြင်ရလောက်အောင် လေထုကမသန့်တဲ့ကောင်း‌ကင်ကို ကားအမိုးက တဖြည်းဖြည်း အုပ်ကွယ်သွားတယ်။ ကောင်းကင်သာပြိုကျခဲ့ရင် ကြယ်တွေနဲ့ ရေခဲမုန့်အတူစားလို့ရမလား။ ကားပေါ်မှာ ကြယ်ကြည့်ချင်တဲ့သူငယ်ချင်းရယ် ကားမောင်းနေတဲ့ကျမရယ် အပါအဝင် သုံးလေးယောက်လောက်ရှိတယ်။ အတိအကျ မပြောတတ်။ ဘယ်အရာကိုမှ အတိအကျမပြောတတ်ဘူး။ ကားရေဒီယိုကနေ သီချင်းသံသဲ့သဲ့ကြားနေရတယ်။


"25 years and my life is still


tryin' to get up that great big hill of hope


for a destination"


တစ်နေရာရာကနေ တစ်နေရာရာကို မောင်းနေတယ်ထင်တာပဲ။ ဘယ်ကနေထွက်ပြေးနေလဲ မပြောတတ်။ ဘယ်ကိုဦးတည်နေလဲ မပြောတတ်။


"I realized quickly when I knew I should


that the world was made up of this brotherhood of man


for whatever that means"


နောက်တစ်ပိုဒ်ကို တစ်ကားလုံး လိုက်ဆိုမိကြတယ်။


"and so I cry sometimes when I'm lying in bed


just to get it all out what's in my head


and I, I am feeling a little peculiar"


သီချင်းလိုက်ဆိုလို့ကောင်းပြီး ရှေ့ကိုဂရုမစိုက်ဘဲမောင်းမိလို့ တိမ်တွေကို ကားနဲ့တိုက်မိတယ်။ ပြဿနာပဲ။ အချိန်နောက်ပြန်ဆုတ်ဖို့ မျက်လုံးမှိတ်ပြီး
အာရုံစိုက်လိုက်တယ်။ ပြန်‌နောက်ဆုတ်လို့မရဘူးဆိုတဲ့ အသိစိတ်နဲ့အတူ နှလုံးခုန်သံတဒုံးဒုံးကို ကြားနေရ။ ဆင်းမကြည့်ရဲပေမယ့်၊ ပစ်ထားပြီးဆက်မောင်းဖို့ကို ပိုမလုပ်ရဲလို့၊ ကားထိုးရပ်ပြီး၊ အောက်ဆင်းလိုက်တယ်။


"တိမ်တွေ ထိခိုက်သွားသေးလား"


"တိမ်တွေထဲမှာ သီချင်းတွေကိုသိမ်းထားတယ်၊ အမှတ်တရတွေကိုလည်း သိမ်းထားတယ်၊ အိမ်စာတွေကိုလည်း သိမ်းထားတယ်"


"တိမ်တွေကို ဆေးရုံဆေးခန်း ခေါ်သွားပေးရမလား"


မရှိတဲ့ယာဉ်ထိန်းရဲကို တိမ်တွေက လက်ခလယ်ထောင်ပြတယ်။ ကြယ်ရောင်အောက်မှာ ကားကတဖြည်းဖြည်း အမှုန်တွေအနေနဲ့ လွင့်ပျယ်သွား။ တကယ်တော့ တစ်နေရာရာကိုသွားဖို့ ကားမရှိလည်းဖြစ်ပါတယ်။


"ပိုင်ဆိုင်မှုမရှိရင် တိမ်တွေထဲကအရာတွေကို လူတိုင်းဝင်ကြည့်လို့ရ‌သင့်လား၊ အဲ့ဒါဆိုလူတိုင်း ဝင်ပြုပြင်လို့ရသင့်လား၊ ပိုင်ဆိုင်တယ်ဆိုပြီး ဖျက်ပစ်တာက တရားလား"


ကျမ နားမလည်။ ကျမ ပြန်မဖြေတတ်။ သေသေချာချာ တိုင်ပင်တယ်ရယ်လို့ မရှိဘဲ၊ ကျမတို့တစ်ဖွဲ့လုံး တိမ်တွေကိုကျော‌ပေးပြီး ခြေဦးတည့်ရာ လျှောက်လာခဲ့ကြတယ်။ အပေါ်အင်္ကျီအိတ်ထဲ လက်နှိုက်မိတော့ စက္ကူညှပ်တဲ့ကတ်ကြေးကို စမ်းမိတယ်။


"အတူတူဆိုတော့ ပိုကောင်းတာပေါ့"


အဖွဲ့ထဲက ကောင်လေးတစ်ယောက်က ပြောတယ်။ ဘာလို့ပြောမှန်းမသိ။ ဘာအဓိပ္ပာယ်မှန်းမသိ။ အတူတူဆိုတော့ ပိုကောင်းတာပေါ့။ ကားရေဒီယိုက သီချင်းသံကို ဆက်ကြားနေရတယ်။
အတူတူလိုက်ဆိုဖြစ်ကြတယ်။


"and so I wake in the morning and I step outside


and I take a deep breath and I get real high


and I scream from the top of my lungs


'what's going on?' "


ဘေးပတ်လည်ကိုကြည့်လိုက်တော့ မရေမတွက်နိုင်တဲ့ နန်းတော်တွေ၊ ရဲတိုက်တွေ။ ရွှေရောင် အခက်အလက်နဲ့ နန်းတော်တွေ။ ဂျပန်နန်းတော်လို နန်းတော်တွေ။ ကျောက်ခဲတွေနဲ့ ဆောက်ထားတဲ့ ရဲတိုက်တွေ။ တစ်လောကလုံးက တော်ဝင်အဆောက်အဦးတွေ တစ်နေရာထဲမှာ လာစုနေသလို။


"and I say, hey-ey-ey


hey-ey-ey


I said 'hey, a-what's going on?'


and I say, hey-ey-ey


hey-ey-ey


I said 'hey, a-what's going on?' "


ရဲတိုက်တစ်ခုရဲ့ ပြတင်းပေါက်ကနေ လက်ပြနှုတ်ဆက်တဲ့ ဒရက်ကူလာကိုတွေ့တော့ ဘာမှမဆိုင်ဘဲ၊ အိမ်ရှေ့စံရွှေဘိုမင်းမှာ နန်းတော်ရှိလား စဉ်းစားမိသေးတယ်။


ကားပေါ်ကနေ တော်တော်ဝေးတဲ့အထိ လျှောက်သွားပြီးပေမယ့်၊ မကောင်းဆိုးဝါးတွေနဲ့ တိုက်ခိုက်ဖို့ ကျမ‌တို့ ဆက်ပြီးချီတက်ခဲ့ကြတယ်။


"ကိုယ်တိုင် မကောင်းဆိုးဝါး အဖြစ်မခံဘဲ၊ မကောင်းဆိုးဝါးတွေကို တိုက်ခိုက်လို့ရသလား"


"and I try


oh my god, do I try


I try all the time


in this institution"


သီချင်းအော်ဆိုပြီး ဆက်ချီတက်ရင်းနဲ့ တော်ဝင်ပန်းခြံထဲက ကစားကွင်းတစ်ခုကိုရောက်လာတယ်။ ကစားကွင်းထဲမှာ စံပယ်ပန်းနဲ့ တွဲချီထားတဲ့ ဒန်းတစ်ခုတွေ့ရတယ်။ ကြယ်ကြည့်ချင်တဲ့ သူငယ်ချင်းက ဒန်းပေါ်တက်ထိုင်လိုက်တယ်။


"မလိုက်တော့ဘူးလား"


"မကောင်းဆိုးဝါးတွေနဲ့ ငါစကားမပြော"


ဒန်းစီးရင်းနဲ့ ငိုကျွေးနေတဲ့လိပ်လေးအဖြစ်ပြောင်းလဲသွားတယ်။ အကယ်၍ မိန်းကလေးတစ်ယောက်က နမ်းလိုက်ရင်တော့ ကြယ်ကြည့်ချင်တဲ့ သူငယ်ချင်း ပြန်ဖြစ်လာကောင်းပါရဲ့။


အတူတူဆိုတော့ ပိုကောင်းတာပေါ့ဆိုတဲ့ သူငယ်ချင်းက လက်တို့လို့လှည့်ကြည့်လိုက်တယ်။ သူမေးငေါ့ပြတဲ့ဘက်မှာ ကလေးစီးတဲ့လျှောတစ်ခု။ လျှောပေါ်မှာ ဘုရင်မတစ်ယောက်က ဒူးထောက်ပြီးထိုင်နေတယ်။ ဘုရင်မဘေးက လူပုတစ်‌ယောက်က အရုပ်ဓားနဲ့ ဘုရင်မခေါင်းကိုခုတ်လိုက်တယ်။ ဘုရင်မခေါင်းက လျှောတစ်လျှောက်လိမ့်ဆင်းလာ။ ခေါင်းမရှိတဲ့ ဘုရင်မခန္ဓာကိုယ်ကနေ သွေးပြာတွေပန်းထွက်။ လျှောပေါ်ကနေစီးကျ။


"and I pray


oh my god, do I pray


I pray every single day


for a revolution"


ဘာလို့မှန်းမသိ၊ ခေါင်းဖြတ်သမားလူပုရှိတဲ့လျှောပေါ်ကျမပြေးတက်ပြီး လျှောချလိုက်တယ်။ အဆင်းမှာ အောက်ခြေက ဘုရင်မခေါင်းကို ခြေထောက်နဲ့ညှပ်ပြီး လက်နဲ့ဆွဲယူလိုက်တယ်။ လူပုနဲ့အဖွဲ့က ဝိုင်းရယ်ပြီး ကြောင်ကြည့်နေကြတယ်။ ခေါင်းကိုပိုက်ပြီး ကျမနဲ့ကျမ‌သူငယ်ချင်းတွေက ကစားကွင်းကနေ ထွက်ပြေးလာခဲ့ကြတယ်။


"and so I cry sometimes when I'm lying in bed


just to get it all out, what's in my head


and I, I am feeling a little peculiar"


မောလာလို့လှည့်ကြည့်လိုက်တော့ ကစားကွင်းကိုမမြင်ရတော့။ ရှေ့ပြန်ကြည့်တော့ ဓာတ်တိုင်တစ်ခု။ ဓာတ်တိုင်ပေါ်ကနေ ဝါယာကြိုးနဲ့ အိတ်ဆောင်နာရီလေးတစ်လုံး တွဲလောင်းကျနေတယ်။ အိတ်ထဲက စက္ကူညှပ်တဲ့ကတ်ကြေးနဲ့ ဝါယာကိုဖြတ်ကြည့်တယ်။ ဖြတ်မရ။ ဖြတ်မရလို့၊ ဝါယာကြိုးကို လက်နဲ့ပဲဆွဲဖြဲလိုက်တယ်။ ကြိုးပြတ်သွားတော့ နာရီကိုယူပြီး အပေါ်အင်္ကျီအိတ်ထဲ ထည့်လိုက်တယ်။


"and so I wake in the morning and I step outside


and I take a deep breath and I get real high


and I scream from the top of my lungs


'what's going on?' "


ရုတ်တရက်သတိရမိတာက ကျမနဲ့ကျမသူငယ်ချင်းမိန်းကလေးတွေ ဒီတော်ဝင်ဝင်းကြီးထဲမှာ ပိတ်မိနေပြီဆိုတာပဲ။ ဘယ်ကလာခဲ့လဲ မမှတ်မိတော့။ ပြန်လှည့်ရှာတော့လည်း ရှာမတွေ့။


"လူခွဲပြီးရှာကြမလား"


"ဟင့်အင်း၊ ကြောက်တယ်"


"အဲ့ဒါဆိုလည်း အတူတူပဲ သွားကြမယ်လေ"


"အတူတူဆိုတော့ ပိုကောင်းတာပေါ့"


အကြောက်ပြေ အတူတူ သီချင်းဆက်အော်ဆိုပြီး ခရီးဆက်ခဲ့ကြတယ်။


"and I say, hey-ey-ey


hey-ey-ey


I said 'hey, a-what's going on?' "


လာလမ်းကိုပြန်ရှာရင်းနဲ့ စာကြည့်တိုက်လိုလို အဆောက်အဦးတစ်ခုကို ရောက်လာခဲ့တယ်။ အနားမှာ အထက်တန်းကျောင်းသူအရွယ် ကောင်မလေးတွေနဲ့ ပြည့်နေလို့။


အဲ့ကောင်မလေးတွေက ဘာတွေမှန်းမသိတဲ့ အလုပ်တွေနဲ့ အလုပ်ရှုပ်နေကြတယ်။


"and I say, hey-ey-ey


hey-ey-ey


I said 'hey, a-what's going on?' "


"ဒီနေရာအကြောင်း တစ်ခုခုများသိရမလားလို့ အထဲဝင်ကြည့်ကြရအောင်"


သူငယ်ချင်းမိန်းကလေးတွေက ခေါင်းညိတ်ပြကြလို့အထဲဝင်လာခဲ့တယ်။ စာကြည့်တိုက်လို အဆောက်အဦးဆိုတော့ အထဲမှာ စာအုပ်စင်လိုဟာတွေ တွေ့ရတယ်။ စာအုပ်စင်တွေပေါ်မှာ
အဓိပ္ပာယ်မရှိဆုံး စာအုပ်တွေ။ အဲ့စာအုပ်တွေထဲ "ဘာတွေလျှောက်ရေးထားမှန်း ကျနော်မသိဘူး" ဆိုတဲ့စာအုပ်လည်း ပါသေးတယ်။ အောက်ထဲဆင်းတဲ့လှေကားတစ်ခုတွေ့လို့
ဆင်းမိသွားတယ်။ အဆင်းမှာ သုံးဖက်မြင်ပုံရိပ်တစ်ခုပေါ်လာခဲ့တယ်။ အတူတူဆိုတော့ ပိုကောင်းတာပေါ့ဆိုတဲ့ကောင်လေး။ အဲ့ကောင်လေး အဖွဲ့ထဲကပျောက်နေတာ အခုမှသတိထားမိတယ်။


"ဘယ်မှာကျန်ခဲ့တာလဲ၊ အပြင်ရောက်သွားပြီလား၊ အပြင်ကို ဘယ်လိုထွက်ရလဲ"


‌အဲ့ကောင်လေးက သူ့ဆံပင်သူသပ်လိုက်ပြီး ပြန်ဖြေတယ်။


"၁။ တုံးအချင်ယောင်ဆောင်ပါ


၂။ မထုံတက်တေးပုံစံနေပါ


၃။ လျှပ်စစ်/မီး စီးဆင်းမှုကို အထောက်အကူပြုတဲ့ပစ္စည်းတွေကို ထုရိုက်ပါ"


သူ့အပေါ်အင်္ကျီကြယ်သီးကို တူသေးသေးလေးနဲ့ထုပြပြီးလည်း သရုပ်ပြလိုက်သေးတယ်။ ရိုက်ခက်မိတဲ့နေရာကနေ ခရမ်းရောင်မီးပွင့်လေးတွေ ပွင့်ထွက်လာတယ်။


"ကူးဆက်မှုနည်းတဲ့ပစ္စည်းတွေကိုပဲသုံး။ ဘာလို့လဲဆိုတော့ လျှပ်စစ်အားတွေကို သယ်လာတဲ့အခါ မီးပွင့်တွေနဲ့ ကျင့်သားရဖို့မလွယ်လို့"


"25 years and my life is still


tryin' to get up that great big hill of hope


for a destination"


book.svg

Songs And Stories
Made With Love And Svelte