mad world

pinkius
June 2022

ဘာမှမဟုတ်တဲ့ စကားလုံးတွေကို တစ်နေရာကနေတစ်နေရာကိုရွှေ့ပြီးရင်း ရွှေ့နေရတယ်။ အဲ့ဒါတောင် အမှားတွေခဏခဏလုပ်မိလို့ အဆူခံရသေး။ အဆူသာခံရတယ် ဘယ်နေရာမှားမှန်း နားမလည်ဘူး။ ဘာအဓိပ္ပာယ်မှမရှိတဲ့စကားလုံးတွေနဲ့ အခြားဘာအဓိပ္ပာယ်မှမရှိတဲ့စကားလုံးတွေကို ဘယ်လိုခွဲလဲ။ ဘယ်တုန်းကမှ တကယ်မလိုအပ်တဲ့ meeting တွေကတက်လိုက်ရသေးတယ်။ ဘယ်သူမှ meeting မှာပြောနေတဲ့သူရဲ့ စကားတွေကို နားမထောင်ဘူး။ အထူးသဖြင့်ပြောနေတဲ့သူကိုယ်တိုင်။ ကျမရဲ့ လေးထောင့်တုံးစားပွဲခုံ လှောင်အိမ်လေးထဲကနေ လွတ်လမ်းမမြင်ဘူး။ လေးထောင့်တုံးစားပွဲလေးတွေတစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု၊ တစ်ခုပြီးတစ်ခု။ မသေမချင်း လှောင်အိမ်ထဲနေပြီး ဥဥပေးရတဲ့ကြက်တွေလို။ စားဖို့သောက်ဖို့ ကိုယ်တိုင်ရှာနေစရာမလိုဘူး။ လကုန်ခါနီးတိုင်း ကြက်ခြံပိုင်ရှင်ကြွေးတဲ့ ဘာအရသာမှမရှိတဲ့ ကြက်စာလခနဲ့တင် အသက်ဆက်လို့ရတယ်။ အသက်ဆက်နေရတယ်။ လှောင်အိမ်တွေကို တစ်လုံးပြီး တစ်လုံးထပ်ထားတာ အဆုံးအစမရှိဘူး။ ဘာအရသာမှမရှိတဲ့ကြက်ဥတွေကို ကြက်ခြံပိုင်ရှင်က ဘာလုပ်ဖို့လိုချင်နေမှန်း ဘယ်တုန်းကမှ နားမလည်ဘူး။ လွတ်လမ်းမရှိတဲ့ လှောင်အိမ်ထဲ ကြက်တွေမွန်းကြပ်လှောင်ပိတ်မိနေပြီး စိတ်ဆင်းရဲနေတာကိုပဲ ကြက်ခြံပိုင်ရှင်က တကယ်လိုချင်တာ ဖြစ်ရင်လည်းဖြစ်မှာပေါ့။


ရုတ်တရက် အိပ်မက်ဆိုးတစ်ခုကနေ နောက်ထပ်အိပ်မက်ဆိုးတစ်ခုကို ကျမနိုးလာတယ်။ ခေါင်းအုံးဘေးကဖုန်းကိုယူကြည့်လိုက်တော့ နှိုးစက်မြည်ဖို့ တစ်နာရီလောက်လိုသေးတယ်။ စောစောကြိုထပြီး မနက်စာစားလို့ရပေမယ့် ထဖို့အားမရှိဘူး။ ဘာစိတ်ဝင်စားစရာမှမရှိတဲ့ မျက်နှာကျက်ကိုပဲ ငေးကြည့်နေမိတယ်။ ဘာမှမလုပ်ရတာကို အရမ်းကျွမ်းကျင်လာတဲ့အခါ ဘာမှမလုပ်တာကို ပိုပြီးမြန်မြန်လုပ်နိုင်လာတယ်။ တစ်နာရီက ဘယ်လိုကုန်လို့ကုန်မှန်းမသိဘဲ နှိုးစက်မြည်လာတယ်။ အလုပ်သွားရတော့မယ်။ နှိုးစက်ကိုပိတ်ပြီးတာနဲ့ ပြတင်းပေါက်ဘောင်ပေါ်က ဆေးလိပ်ဘူးထဲက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်တယ်။ နေ့တိုင်း အလုပ်လုပ်နေကျ လေးထောင့်တုံးစားပွဲခုံလေးကို ဝန်ထမ်းတွေကအလိုလိုသွားနိုင်သလို ကျမရဲ့အဆုတ်ထဲက အိတ်ငယ်လေးတွေထဲကို ဆေးလိပ်ငွေ့မော်လီကျူးတွေက တိုးဝင်သွားကြတယ်။ ဝန်ထမ်းတွေရဲ့အသက်ရှင်ချင်စိတ်ကို လေးထောင့်တုံးစားပွဲလေးက စုပ်ယူသလို၊ ဆေးလိပ်ငွေ့ထဲက ဓာတုပစ္စည်းတွေကို ကျမအဆုတ်ထဲက အိတ်ငယ်ငယ်လေးတွေကစုပ်ယူလိုက်တယ်။ ဝန်ထမ်းတွေရဲ့အသက်ရှင်ချင်စိတ်က ဘယ်ရောက်သွားမှန်းတော့ ကျမမသိဘူး၊ ဆေးလိပ်ငွေ့ထဲက ဓာတုပစ္စည်းတွေကတော့ အဆုတ်ကတစ်ဆင့် ကျမသွေးတွေထဲကို ပြန့်ဝင်သွားတယ်။ ဆေးလိပ်ငွေ့တွေကို ပြန်ရှူထုတ်လိုက်တိုင်း အသက်ရှင်ချင်စိတ်နဲ့အတူ အလုပ်မလုပ်ချင်စိတ်ပါ ပါသွားတယ်ထင်ပါရဲ့။


ပြတင်းပေါက်ဘောင်ပေါ်မှ ဆေးလိပ်ဖင်ဆီခံတွေတိုးလာရင်းနဲ့ နှိုးစက်သံမြည်လာတယ်။ အိပ်ယာထဲကထွက်ပြီး အလုပ်သွားရတော့မယ်။ အိပ်ယာထဲကမထွက်ချင်ဘူး။ အလုပ်မသွားချင်ဘူး။ နှိုးစက်ကိုပိတ်ပြီး ဆေးလိပ်ငွေ့တွေကိုရှူထုတ်လိုက်တယ်။ နိုးကတည်းက ဘာဆိုဘာမှ မလုပ်ရသေးပဲကို ပင်ပန်းလိုက်တာ။ ဆေးလိပ်ကုန်သွားတော့ ယောင်ပြီးဆေးလိပ်အသစ်ကိုမီးညှိမိတယ်။ ဆေးလိပ်ကိုကိုက်ပြီး အိပ်ယာထဲကထွက် အိမ်သာထဲကိုဝင်ထိုင်ပြီး၊ email စစ်ဖို့ ဖုန်းပြန်ဖွင့်လိုက်တယ်။ ဘယ်တုန်းကမှ တကယ်မလိုဘဲ တစ်ခုခုလုပ်နေတယ်ဖြစ်ဖို့ အဓိကရည်ရွယ်ပြီး လုပ်နေကျ meeting တွေရဲ့ invitation တွေ။ email စစ်ပြီးတော့ newsfeed ကဘာတွေမှန်းမသိတာတွေကို အသိစိတ်မရှိဘဲထိုင်ကြည့်။ notification တွေထဲမှာ ဝင်ထားတဲ့ message တွေရှိမှန်းသိပေမယ့် အလုပ်နဲ့မဆိုင်လို့ ဖွင့်မကြည့်သေးဘူး။ အလုပ်မှာပျင်းမှပဲ အေးဆေးကြည့်တော့မယ်။ အိမ်သာတက်ပြီးတော့ ခပ်မြန်မြန်ရေချိုးရင်းသွားတိုက်။ ရုံးသွားဖို့အဝတ်လဲပြီးတော့ အလှပြင်တယ်ဆိုရုံလေးအလှပြင်။ အိမ်ကထွက်ခါနီးမှာ ရေခဲသေတ္တာထဲက မာတောင့်နေတဲ့ပေါင်မုန့်နှစ်ချပ်ကို ပါးစပ်ထဲထည့်ကိုက်လိုက်တယ်။ ထုံးစံအတိုင်း လက်ကိုင်အိတ်ယူ၊ အိမ်ကထွက်သော့ခတ်။ တိုက်လှေကားအဆင်းမှာ အိတ်ထဲကဖုန်းကိုနားကြပ်တပ်ပြီး နားထဲနားကြပ်တပ်၊ ရှိသမျှသီချင်းတွေကို shuffle နဲ့ play ထားတာကို ပြန်ဖွင့်လိုက်တယ်၊ mad world သီချင်းတန်းလန်းအသံ နားကြပ်ကတစ်ဆင့် နားထဲဝင်လာတယ်။ ကားမှတ်တိုင်ကိုလမ်းလျှောက်ရင်းနဲ့ ကိုက်ထားတဲ့ပေါင်မုန့်နှစ်ချပ်ကို လက်နဲ့ပြန်ကိုင်ပြီး တစ်ကိုက်ချင်းစား။ ဘာအရသာမှမရှိတဲ့ မနက်စာက ဘာအရသာမှမရှိတဲ့ ရုံးတက်ရက်တစ်ရက်အတွက် အသင့်တော်ဆုံးပဲ။


မှတ်တိုင်မှာထုံးစံအတိုင်း ကျောင်းသွားဖို့စောင့်နေတဲ့ ကျောင်းသူကျောင်းသားတွေ။ အလုပ်သွားဖို့ စောင့်နေကြတဲ့ဝန်ထမ်းတွေ။ ဘယ်ကတည်းက အလုပ်စလုပ်ပြီး ဆိုင်စဖွင့်ထားကြမှန်းမသိတဲ့ စျေးသည်တွေ။ ခရီးသည်မျှော်နေတဲ့ ဆိုက်ကားသမားတွေ။ ပြည့်ကျပ်နေပြီးသား ကားတစ်စီးထိုးရပ်တိုင်း စောင့်နေတဲ့သူတွေက ပြေးကပ်သွားကြတယ်။ ကားပေါ်မှာခြေတစ်ရပ်စာတောင် အလွတ်မရှိလို့ ကားတံခါးဝမှာရပ်စောင့်နေတဲ့ထဲက တစ်ဝက်လောက်က ကျန်ကျန်ခဲ့ကြတယ်။ တိုက်တန်းနစ်ပေါ်မှာ အသက်ကယ်လှေလုကြရသလိုမျိုး။ နေ့တိုင်းနေ့တိုင်း အကြိမ်ကြိမ်သေနေရတဲ့လူတွေက ဘာလို့အသက်ကယ်လှေလုနေကြသေးတာလဲ။ အခုအသက်ရှင်မှ နေ့တိုင်းနေ့တိုင်းပြန်သေလို့ရမှာမဟုတ်လား။ နေ့တိုင်းနေ့တိုင်းပြန်သေဖို့သက်သက်နဲ့ အသက်ကယ်လှေလုနေရတဲ့လူတွေကရဲ့ ရူးမိုက်မှုက မလှပဘူးလား။


ကျမနဲ့အရမ်းရင်းနှီးတဲ့လူအချို့ကလွဲပြီး အခြားလူတွေကျမအသားကိုလာထိတာကို အန်ချမိချင်လောက်အောင် မုန်းတယ်။ ဒါပေမယ့် တစ်နေ့တစ်နေ့မှာ အရမ်းအထီးကျန်သလိုမခံစားရတဲ့ တစ်ခုတည်းသောအချိန်က ဘယ်ကမှန်းမသိတဲ့သူတွေနဲ့ ကျပ်ညှပ်နေတဲ့ကားတွေကို တိုးစီးရတဲ့အချိန်ပဲ။ ရှိတာပေါ့၊ လိင်ပိုင်းဆိုင်ရာစော်ကားတဲ့လူယုတ်မာတွေ၊ ဖုန်းလုတဲ့သူတွေ၊ ပိုပညာသားပါတဲ့ ခါးပိုက်နှိုက်တွေ။ လစာထုတ်ရက်တွေဆို အတော်သတိထားပြီး အိမ်ပြန်ရတယ်။ ကျမလစာကို ခိုးလုရတဲ့သူတွေကို ပြန်မပေးချင်လို့တော့မဟုတ်ဘူး။ ကားပေါ်ကမသမာသူတွေထက် အဆပေါင်းများစွာ ပိုယုတ်မာ ပိုအရှက်မရှိတဲ့ စီးပွားရေးသမားတွေအတွက် အလုပ်ကုန်းလုပ်ထားသမျှ တစ်လစာအလကားဖြစ်သွားရင် ဘယ်လောက်ရင်နာဖို့ကောင်းလဲ။


ဒီတစ်ခါရောက်လာတဲ့ကားပေါ်မှာ ကျမခြေတစ်ရပ်စာနေရာရတယ်။ ကားအတွင်းကိုဆက်ဝင်ဖို့က လုံးဝမဖြစ်နိုင်လို့ မောင်းတဲ့သူရဲ့ဘေးနားနေ အခြားသူတွေနဲ့အတူ ကိုင်လို့ရတဲ့တန်း တစ်ခုကိုကိုင်ထားလိုက်တယ်။ လူပေါင်းစုံထိထားတဲ့နေရာတွေကို ကျမလက်နဲ့ထိရရင် စိတ်ထဲမသန့်ဘူးလို့ခံစားရတယ်။ ဒါပေမယ့် ရုတ်တရက် ဘရိတ်ဆောင့်ဆောင့်နင်းတဲ့ကားတွေပေါ် ဘာမှမကိုင်ဘဲမတ်တပ်ရပ်စီးရလောက်အောင်တော့ ကျမ မရူးသေးဘူး။ ကားအရမ်းကျပ်လို့ လဲကျစရာနေရာမရှိပေမယ့် တိုးခွဲမိစရာကားမှန်တွေရှိသေးတယ်။ သေသွားလို့ အလုပ်သွားစရာမလိုတော့မှာကို ဘယ်လောက်မက်မောမက်မော အကယ်၍မသေခဲ့ရင်ဆိုတာအတွက် မစွန့်စားရဲဘူး။


လူအနံ့တွေကို ကျမမကြိုက်ဘူး။ ကျမကိုအခြားလူတွေလာထိနေတာကိုလည်းမကြိုက်ဘူး။ ဒါပေမယ့် ကျပ်ညှပ်နေတဲ့ကားပေါ်က မျှော်လင့်ချက်မဲ့နေတဲ့ ဘဝတူအလုပ်သမားတွေရဲ့ ချွေးနံ့ထက် ကျမကိုရှေ့ဆက်လျှောက်ဖို့ အားပေးနိုင်တဲ့အရာမရှိဘူး။ ဒီလောက်သက်သောင့်သက်သာမရှိတဲ့အခြေအနေမှာ ဘာလို့သက်သောင့်သက်သာရှိသလို ခံစားရလဲ ကျမမရှင်းပြတတ်ဘူး။ အလုပ်တောင်စမလုပ်ရသေးခင်ကတည်းက ပင်ပန်းနေတဲ့မျက်နှာတွေ။ ဘယ်တော့မှ ကျွန်ဘဝကလွတ်မှာမဟုတ်မှန်းသိသိကြီးနဲ့ ဆက်ရုန်းကန်နေရတဲ့ ပစ္စည်းမဲ့တွေ။ ရောမခေတ်က gladiator တွေကမှ ပွဲလည်ကောင်မှာ အသားနာခံပြီး ကျွန်ဘဝကလွတ်ချင်လွတ်နိုင်သေးတယ်။ အရင်းရှင်စနစ်ရဲ့သားကောင်တွေမှာ လွတ်လမ်းမရှိဘူး။ ပိုက်ဆံမြန်မြန်ရှာနိုင်တဲ့ ခါးပိုက်နှိုက်တွေ၊ ဖုန်းခိုးတဲ့သူတွေတောင်မှ ပုံမှန်ကြိုးစားပြီးမခိုးနိုင်ရင် နပ်မှန်အောင်စားနိုင်ဖို့မရှိဘူး။ လိင်အကြမ်းဖက်သမားတွေ၊ လုယက်မယ့်သူတွေကို ကျမမကြောက်တာဘာဆန်းသေးလဲ။ သူတို့ထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းတဲ့ အထက်လူကြီးတွေရှိတဲ့ရုံးကိုသွားပြီး အဆိပ်ပင်ရေလောင်းဖို့ အခုလိုကျပ်ညှပ်နေတဲ့ကားကိုနေ့တိုင်းတိုးစီးနေရတာမဟုတ်လား။


ကားတံခါးဖွင့်လိုက်တဲ့တစ်ချက်တစ်ချက်မှာ တစ်စက္ကန့်ရဲ့အစိတ်အပိုင်းတစ်ခုလောက် လေပြေလေးကိုခံစားလို့ရတယ်။


book.svg

Songs And Stories
Made With Love And Svelte