paper castle

pinkius
March 2021
image for paper castle

စက္ကူရဲတိုက်ထဲမှာနေတဲ့ ဘုရင်ကြီးကိုသိလား။ ရဲတိုက်ဝင်းနားမှာ ခပ်ချဉ်ချဉ်ရနံ့သင်းနေတယ်။ စက္ကူရဲတိုက်မှာ စစ်သူကြီးသုံးယောက်ရှိတယ်။ စစ်သူကြီးတွေနဲ့ ဘုရင်ကြီးရဲ့ အရှိန်အဝါကြောင့် ဘယ်လူမှ သူ့ရဲတိုက်နား မကပ်ရဲဘူး။ အရောင်မစုံတဲ့ လိပ်ပြာလေးတွေကတော့ ရဲတိုက်ဝန်းနားမှာ ပျံဝဲလို့။


အမေကအမှိုက်ပစ်ခိုင်းလို့ ရဲတိုက်နားကို ရောက်လာခဲ့တယ်။ လက်မောင်းပြုတ်ထွက်မတက် လက်တစ်ဖက်တည်းနဲ့ သယ်လာတဲ့အမှိုက်အိတ်ကို အမှိုက်ပုံထဲ ပစ်ထည့်လိုက်တယ်။ စစ်သူကြီးတစ်ယောက်က ထကြည့်ပြီး ခွေခွေလေးပြန်အိပ်သွားတယ်။ ‌နောက်လက်တစ်ဖက်ထဲက ရက်လွန်မုန့်တွေ ထည့်ထားတဲ့ ပလက်စတစ်အိတ်ကို ကြမ်းပြင်ပေါ် ဖြည်းဖြည်းချင်းချပြီး ခဏထိုင်လိုက်တယ်။ ရဲတိုက်ထဲက‌နေ ode to joy သံစဉ် ညည်းနေသံကြားရတယ်။ ကိုက်ခဲနေတဲ့လက်မောင်းကို နှိပ်နယ်ရင်း ဘုရင်ကြီးကို အော်ခေါ်လိုက်တယ်။


"ဘုရင်ကြီး ဘုရင်ကြီး"


သီချင်းသံရပ်ပြီး ဆဲသံထွက်လာတယ်။


"လီးလား"


"ရက်လွန်မုန့်တွေပါလာတယ်"


"ပစ်လိုက်"


သစ်ကိုင်းခြောက်တွေထောက်ထားတဲ့ စက္ကူပုံးပေါ် ရက်လွန်မုန့်ထုတ်ကို ပစ်တင်လိုက်တယ်။ မုန့်ထုတ်အလေးချိန်ကြောင့် စက္ကူပုံးက ဒုံးခနဲ အိကျသွားတယ်။ ခွေခွေလေးအိပ်နေတဲ့ စစ်သူကြီး သုံးယောက်က ခုန်ထပြီး ပြန်ခုခံဖို့ အသင့်အနေအထား။


"လီးပဲ၊ အပေါ်မတင်ဖို့ အကြိမ်ကြိမ်ပြောထားတာကို"


"ဆောရီး၊ မေ့သွားလို့"


တကယ်တော့ မမေ့ဘူး။ ဘာလို့လဲမသိ‌ပေမယ့် စားစရာတွေကို အမှိုက်တွေကြားထဲ မပစ်ချင်ဘူး။ လူတွေက စားစရာအကောင်းတွေကို စားစရာမရှိတဲ့သူတွေကို မကျွေးဘဲ ပျက်တဲ့အထိသာ ထားချင်ထားကြတာ၊ မပျက်ခင် အမှိုက်ထဲပစ်ဖို့တော့ ဝန်လေးကြတယ်။ ဒါမှမဟုတ် ကျနော်တစ်ယောက်တည်း ဖြစ်တာဖြစ်မှာပါ။ တစ်နှစ်တစ်နှစ် အစာငတ်သေတဲ့သူတွေ အများကြီးရှိနေရက်နဲ့၊ စားစရာတွေကို စီးပွားရေးဆိုင်ရာ အကြောင်းအရင်းတွေနဲ့ ဖျက်စီးပစ်တာ သတင်းတွေထဲဖတ်ဖူးတယ်။ ဒါပေမယ့် ဒီမုန့်တွေက ပျက်ပြီးသားပဲ။ ပျက်ပြီးသားဆိုပေမယ့် တမင်ရက်လွန်အောင် ထားထားတာဆို‌တော့ မသိရင်အကောင်းအတိုင်းပဲ။ ရက်လွန်တာမကြာသေးတော့ မှိုတက်ဖို့လိုသေးတယ်။ ပြီးတော့ ဘုရင်ကြီးက ရက်လွန်မုန့်ပဲ စားတာဆိုလို့ မပျက်ခင်ကတည်းက သူ့အတွက် တမင်သိမ်းထားပေးတာ၊ မုန့်အကောင်းထက်တောင် တန်ဖိုးရှိသေးတယ်။


စက္ကူရဲတိုက်ထဲက ဘုရင်ကြီး‌ လေးဖက်ထောက် ထွက်လာတယ်။ ဘုရင်ကြီးရဲ့ ဘေးပတ်လည်မှာ ပန်းရောင်အရှိန်အဝါတွေ တောက်ပလို့။ ဘုရင်ကြီးရဲ့ ဝတ်ရုံတော်က ပန်းရောင်စောင်အဟောင်းတစ်ထည်။ ဘုရင်ကြီးက စစ်သူကြီးတွေရဲ့ ခေါင်းတွေကို ညင်ညင်သာသာ ပွတ်ပေးရင်း လှမ်းမေးတယ်။ စစ်သူကြီးတွေရဲ့ အမြီးလေးတွေက တနှံ့နှံ့။


"ဒီနေ့ ဘုရားရှိခိုးပြီးပြီလား"


အလိုလိုခေါင်းကုတ်မိရင်း ခေါင်းခါပြလိုက်တယ်။


"အခု ရှိခိုးလိုက်"


လူအဖွဲ့အစည်းကို အာရုံပြုပြီး ဘုရင်ကြီး စိတ်ချမ်းသာအောင် ဘုရားရှိခိုးလိုက်တယ်။ အမေစိတ်ချမ်းသာအောင် အမှိုက်ပစ်။ အဖေစိတ်ချမ်းသာအောင် ကျောင်းစာလုပ်။ ဘုရင်ကြီးစိတ်ချမ်းသာအောင် ဘုရားရှိခိုး။


"လီးပဲဟာ ငါလိုးမသားတွေရေ၊ လီးပဲဟာ ငါလိုးမသားတွေရေ၊ လီးပဲဟာ ငါလိုးမသားတွေရေ၊ လီးပဲဟာ ငါလိုးမသားတွေရေ"


"ကောင်းတယ်၊ ကုသိုလ်ရသွားပြီ၊ မင်းကောင်းဖို့အတွက် ရှိခိုးခိုင်းတာမဟုတ်ဘူး၊ ဘုရားတရားမသိတဲ့ အရိုင်းအစိုင်းတွေနဲ့ စောက်စကားမပြောချင်လို့။ အရိုင်းအစိုင်းပေးတဲ့မုန့်လည်း ငါမစားနိုင်ဘူး"


ဘုရင်ကြီးအသံက ဘုန်းတန်ခိုးဩဇာနဲ့ ပြည့်ဝလို့။ ဘုန်းတန်ခိုးဩဇာပြည့်ဝသလောက် ချေးများလိုက်တာ။ ရက်လွန်မုန့်ပဲရွေးစားတာတောင်မှ မုန့်ပေးတဲ့သူထပ်ရွေးသေးတယ်။


"ဒါနဲ့ ဘုရင်ကြီးက ဘာလို့ရက်လွန်မုန့်ပဲစားတာလဲ"


"ငါကိုယ်တိုင်က ရက်လွန်နေတာကိုကွ။ ရက်လွန်နေတဲ့သူက ရက်လွန်မုန့်တွေနဲ့ပဲ ထိုက်တန်တယ်၊ ခဏနေဦး"


ဘုရင်ကြီးက သူ့စက္ကူရဲတိုက်ထဲ ခဏပြန်ဝင်သွားတယ်။ လက်ဆေးရည်ဘူး သွားယူတာဖြစ်မယ်။ ပြန်ထွက်လာတော့ ခါတိုင်းလိုပဲ လက်ဆေးရေဘူး ကျနော်ဆီ လှမ်းပစ်လိုက်တယ်။ အမှိုက်အိတ် ကိုင်ထားတဲ့လက်နဲ့ ခေါင်းကုတ်မိလို့ ဖြစ်လိမ့်မယ်။ ဒါပေမယ့် အမှိုက်ခြောက်ထည့်တဲ့ အမှိုက်အိတ်ပဲ၊ ညစ်ပတ်စရာတော့မရှိဘူး။ လက်ဆေးရေဘူးကို လှမ်းဖမ်းပြီး လက်ထဲကို လက်ဆေးရည်နည်းနည်း ထည့်ပြီး ဘုရင်ကြီးဆီ ဘူးကိုပြန်ပစ်လိုက်တယ်။ ဘုရင်ကြီးက လက်ဆေး‌ရည်ဘူးကို ရဲတိုက်ထဲ ပြန်သိမ်းနေတုန်း လက်တွေကို ပွတ်ဆေးလိုက်တယ်။


"မင်းကတော့ အမှိုက်ခြောက်ကိုင်ထားလို့ လက်ဆေးစရာမလိုဘူး ထင်နေမှာပေါ့၊ ပိုက်ဆံကိုင်တဲ့ မင်းတို့ရဲ့ ရွံစရာခန္ဓာကိုယ်တွေက အမှိုက်နဲ့မတန်ဘူး"


တစ်ခါက အမှိုက်ပုံနားက စက္ကူရဲတိုက်ထဲ ဘုရင်ကြီးလိုနေချင်တယ်လို့ ဖေဖေကိုပြောမိတော့ အဲ့လိုနေတာက ကျန်းမာရေးအတွက် မကောင်းဘူး၊ ရူးနေတဲ့သူတွေပဲ အဲ့လိုနေတာလို့ ဖေဖေကပြောတယ်။ ဖေဖေပြောတာကို ဘုရင်ကြီးကိုပြန်ပြောမိတော့၊ အမှိုက်ထက်ဆိုးတဲ့ လူတွေနဲ့ဆက်ဆံ၊ အမှိုက်ထက်ဆိုးတဲ့ ဆရာတွေသင်တဲ့ကျောင်းကိုတက်၊ အမှိုက်ထက်ဆိုးတဲ့ စာအုပ်တွေထိုင်ဖတ်၊ အမှိုက်ထက်ဆိုးတဲ့ တီဗီအစီအစဉ်တွေကြည့်နေတာထက်တော့ အမှိုက်ပုံထဲနေရင်တောင် ကျန်းမာရေးအတွက် ကောင်းပါသေးတယ်လို့ ပြန်ပြောဖူးတယ်။ အခုတော့ ကျနော်က အမှိုက်နဲ့တောင် မတန်တော့ဘူး။


"အပြစ်ပဲပြောတော့ဗျာ"


"ဘုရင်ရဲ့အလုပ်က စောက်ပြစ်ပြောတာအပြင် ဘာရှိသေးလို့လဲ"


"တိုင်းပြည်အုပ်ချုပ်တာ"


"အဲ့ဒါလည်း စောက်ပြစ်ပြောနည်းပဲကို"


"အခမ်းအနားဘာညာနဲ့ ဂုဏ်ရှိရှိနေတာ"


ဘုရင်ကြီးက ပြန်မဖြေအား။ စက္ကူရဲတိုက်ပေါ်က မုန့်ထုတ်ကို ဆွဲချပြီး ရဲတိုက်ထဲပစ်ထည့်လိုက်တယ်။ မုန့်ထုတ်အလေးချိန်ကြောင့် ချိုင့်ကျနေတဲ့ စက္ကူရဲတိုက်ကို လက်နဲ့ပြန်တွန်းတယ်။ ဘေးနားက သစ်ကိုင်းခြောက်တွေနဲ့ ရဲတိုက်ကို သေချာပြန်ထောက်တယ်။ အပေါ်က မိုးကာအနေနဲ့သုံးတဲ့ ပလက်စတစ်စကို သေချာပြန်ကာတယ်။ စက္ကူရဲတိုက်မဖြစ်ခင်က ရေခဲမုန့်ထည့်တဲ့ ရေခဲသေတ္တာထည့်တဲ့ စက္ကူပုံးဖြစ်ခဲ့လိမ့်မယ်။ ရေခဲမုန့်စားချင်လိုက်တာ။ ရဲတိုက်ကို ပြန်မွမ်းမံပြီးမှ ရဲတိုက်ရှေ့က ကဒ်ထူပြား ပုလ္လင်ပေါ်မှာ ကျကျနနထိုင်ပြီး ဘုရင်ကြီးက ပြန်ဖြေတယ်။


"ငါ့ထက် ဘယ်ကောင်က ပိုဂုဏ်ရှိနေလို့လဲ"


"မသိဘူးလေ၊ တော်ဝင်မိသားစုတွေမှာဆို တော်ဝင်ထုံးတန်းတွေ အသုံးအဆောင်တွေနဲ့ ပိုဂုဏ်ရှိသလားလို့"


"လူတိုင်းသက်ရှိတိုင်းမှာ ရှိတာပဲ။ ဟိုစောက်ရူးတွေကမှ ပုံမှန်ထက်ထူးပြီး ဂုဏ်ရှိချင်ယောင်ဆောင်နေတာ။ ဂုဏ်ရှိချင်ယောင်ဆောင်တာက ဘုရင်အတုတွေရဲ့အလုပ်ကွ။ ငါကဘုရင်အစစ်။ ငါကဂုဏ်ရှိပြီးသား၊ ဂုဏ်ရှိချင်ယောင်ဆောင်စရာမလိုဘူး"


ခေါင်းပြန်ညှိတ်ပြလိုက်တယ်။ ဟုတ်မှာပေါ့။ တော်ဝင်မိသားစုတွေအကြောင်း ခဏခဏကြားရဖတ်ရပေမယ့် ပြဇာတ်ထဲက ဘုရင်တွေ‌လောက်တောင် ဘုရင်နဲ့မတူဘူး။ ပြဇာတ်ထဲက ဘုရင်အတုထက် ပိုပြီးအတုအယောင်‌ဆန်နေတယ်။ ဒါနဲ့ ဘုရင်ကြီးက ဘုရင်ကြီးမှန်း ဘယ်လိုသိခဲ့တာပါလိမ့်။ ဒီဘက်ကို အိမ်ပြောင်းလာပြီး မုန့်သွားဝယ်တော့ ရက်လွန်မုန့်တွေ လာတောင်းတဲ့ ဘုရင်ကြီးကို မုန့်ဆိုင်မှာတွေ့တယ်။ ဦးလေးကဘယ်သူလဲဆိုတော့ ဘုရင်ကြီးလို့ဖြေတယ်။ ဘာရဲ့ဘုရင်ကြီးလဲဆိုတော့ လွတ်လပ်ခြင်းရဲ့ဘုရင်ကြီးတဲ့။ လေသံရော၊ အသွင်အပြင်ရောမှာ သံသယဝင်စရာ တစ်စက်မှမရှိ။ နောက်တော့ လူကြီးတွေကို ဘုရင်ကြီးအ
အကြောင်း ပြန်ပြောပြတော့၊ စာအကျက်လွန်ပြီး ရူးသွားတဲ့သူတဲ့။ ရူးတယ်ဆိုတာ ဘာကိုပြောမှန်း ဘယ်လိုရှင်းပြရှင်းပြ ကျနော်နားမလည်ဘူး။


"ဘုရင်ကြီး ဘုရင်ကြီးမဖြစ်ခင်တုန်းက ဆရာဝန်ဆို"


"ဆေးကျောင်းတက်ရုံသက်သက်ပါကွာ။ ပြီးတော့ ဘုရင်ကြီး ဘုရင်ကြီးမဖြစ်ခင်တုန်းကဆိုတာ မရှိဘူး။ ဘုရင်အစစ်တွေက စကတည်းက ဘုရင်ပဲ။ အမြဲတမ်းလည်း ဘုရင်ပဲ"


"ကျနော်လည်း ဆေးကျောင်းတက်ချင်တယ်။ နေမကောင်းတဲ့အဖွားကို ကုပေးချင်တယ်။ ဒါနဲ့ဘုရင်ကြီးက ဘုရင်ကြီးဖြစ်ပြီးသားကို ဆေးကျောင်းဘာလို့တက်တာလဲ"


"တက်ချင်လို့တက်တာပေါ့ကွာ"


"ဘုရင်ကြီးအဖွားလည်း နေမကောင်းဘူးလား"


"နေကောင်းတဲ့သူ ငါမတွေ့ဖူးသေးဘူး"


"အဲ့ဒါဆို နေကောင်းတဲ့သူတွေ့ဖူးချင်လို့ ဆေးကျောင်းတက်တာလား"


"ဒုက္ခကြာကြာခံနေရမယ့် လူနာတွေကို မြန်မြန်သေအောင် ဆရာဝန်ယောင်ဆောင်ပြီး ကူချင်တာ၊ အဲ့တုန်းက ငယ်သေးတော့ အသိဉာဏ်နည်းသေးတာပေါ့ကွာ"


"ဆရာဝန်လုပ်ရမှာက အဲ့ဒါရဲ့ဆန့်ကျင်ဘက် မဟုတ်ဘူးလား"


"သခွားသီးက ပါးစပ်ထဲထည့်ရမှာ၊ ဖင်ထဲထည့်ရမှာ မဟုတ်ဘူးလို့ မင်းပြောချင်ပြောမှာပဲ"


"သခွားသီးကို ဘယ်သူကဖင်ထဲထည့်လဲ"


"မင်းအမေ"


တစ်ခါတစ်လေ သခွားသီး‌သေးသေးလေးတွေ အလုံးလိုက် အမှိုက်ပုံးထဲရောက်နေတာ သတိထားမိသလိုပဲ။ ဆီလိုအရည်တော့ စိုနေပုံရတယ်။ သခွားသီးပျက်ရင် ဆီထွက်တယ်ထင်နေတာ၊ ဖင်ထဲထည့်ရင် ဆီထွက်တာလား။


"ဘယ်လိုလုပ်သိလဲ၊ အမှိုက်အိတ်တွေကို ဖွင့်ကြည့်လို့လား"


"ငါမဖွင့်ပါဘူး၊ မင်းတို့က စားစရာအသင့်ရှိနေတော့ ဘယ်သိမလဲ၊ အမှိုက်အိတ်တွေလိုက်ဖွင့်ပြီး ရောင်းလို့ရသေးတာ၊ စားလို့ရသေးတာ လိုက်ရှာရတဲ့ အိမ်ခြေရာမဲ့တွေ အများကြီး"


"အမှိုက်ထဲကထုတ်စားရင် နေမကောင်းမဖြစ်ဘူးလား။ အမှိုက်ပုံးထဲက သခွားသီးယူဖို့ လက်နှိုက်တုန်းက အမှိုက်တွေနဲ့မထိနဲ့ နေမကောင်းဖြစ်မယ်လို့ အမေပြောဖူးတယ်"


"ဖြစ်တော့လည်းဘာဖြစ်လဲ၊ မင်းတို့ဆရာဝန်တွေက ပိုက်ဆံရှိတဲ့သူတွေကိုပဲ ကုပေးမှာကို"


"ကျနော်ကဆရာဝန်မှမဖြစ်သေးတာ"


"ဘုရင်ကြီးက ဘုရင်ကြီး အမြဲဖြစ်နေသလိုပဲ၊ ဆရာဝန်ကလည်း အမြဲဆရာဝန်ပဲ"


"ဆရာဝန် မဖြစ်ချင်တော့ရင်ရော"


"အဲ့ဒါကြောင့် မင်းအဖေ‌ဆရာဝန်က မင်းကိုမွေးတာပေါ့၊ မိဘအမွေကို ဆက်ခံခိုင်းတယ်ဆိုတာ အဲ့အမွေရဲ့ ပိတ်လှောင်မှုကို သူတို့ကိုယ်တိုင် မခံစားနိုင်တော့လို့၊ သူတို့အစား ငရဲခံပေးမယ့်သူ ရှာတဲ့သဘောပေါ့ကွာ"


"အမွေလုနေတဲ့သူတွေ အများကြီးကို"


"သံကြိုးအတုပ်ခံရတဲ့ကျွန် ဖြစ်ချင်လွန်းလို့ အပင်ပန်းခံပြီး တကူးတကဘွဲ့တွေယူ၊ အလုပ်တွေရှာနေကြတဲ့သူတွေတောင် ရှိတာပဲကို၊ ငရဲကလည်း မက်မောစရာတော့ မက်မောစရာပဲ"


ဘုရင်ကြီးပြောတာတွေကို နားထောင်ချင်လို့သာ နားထောင်နေတာ၊ တစ်ဝက်လောက်ကို နားမလည်ဘူး။


"ပိုက်ဆံမရှိတဲ့သူတွေကို ကုပေးတဲ့ဆရာဝန်ဖြစ်ချင်တယ်"


"ကောင်းတယ်၊ ကောင်းတယ်၊ ဆက်လုပ်။ ဆရာဝန်ဖြစ်တိုင်း ပိုက်ဆံရှိတဲ့သူကိုပဲ ကုပေးတယ်ရယ်တော့မဟုတ်ပါဘူး။ ဆရာဝန်တိုင်းနီးပါးက ပိုက်ဆံရလို့ကုပေးနေကြလို့သာ စောက်ပြစ်တင်မိသွားတာ။ အဲ့လိုကောင်ထဲမပါရင် ငါ့ကိုမုန့်ဆက် ဆက်သခွင့်ပေးမယ်"


"အခြားလူတွေလည်း ပိုက်ဆံရလို့ အလုပ်လုပ်တာမဟုတ်ဘူးလား။ ပိုက်ဆံရတဲ့ အလုပ်လုပ်တဲ့သူတိုင်းကို အပြစ်တင်ရမှာလား။ စကားဆက်မိလို့ ဆရာဝန်တွေကိုပဲ အပြစ်တင်တာလား"


"ဆရာဝန်တွေကိုက အပြစ်တင်စရာပဲကိုကွ။ သေသွားသင့်တဲ့ အခွင့်ထူးခံလူယုတ်မာတွေကို တစ်‌နှစ်တစ်နှစ် သက်ဆိုးရှည်အောင် ဘယ်သူတွေက ဆွဲဆန့်ပေးနေတယ်ထင်လို့လဲ။ ဒါပေမယ့် အေး၊ ပိုက်ဆံရဖို့ ကျွန်ခံနေတဲ့သူတိုင်းကို အပြစ်တင်ရမယ်။ အပြစ်အရှိဆုံးကတော့ ပိုက်ဆံသုံးပြီး ပိုက်ဆံထပ်ရဖို့ ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့ ကျွန်ပိုင်ရှင်တွေပေါ့ကွာ။ ပိုက်ဆံကိုလိုချင်ပြီး ပိုက်ဆံကိုရှာနေတာနဲ့တင် ကျွန်ပိုင်ရှင်တွေကို ပိုယုတ်မာနိုင်အောင် ကူညီပေးပြီး ပိုက်ဆံမရှိတဲ့သူတွေကို ဖိနှိပ်ပြီးသားဖြစ်နေပြီ။ အဲ့တော့ အပြစ်ရှိတယ်။ ရယ်ရတာက လူအချင်းချင်း ဖိနှိပ်ဒုက္ခပေးနေတဲ့ အပြစ်ရှိတဲ့လူချမ်းသာကောင်တွေကပဲ အပြစ်မရှိတဲ့ ဆင်းရဲသားတွေကို အပျင်းကြီးလို့၊ သုံးဖြုန်းလို့ ဒုက္ခရောက်နေသလိုလို အပြစ်ရှိလို့ ဒုက္ခရောက်နေသလိုလို ထပ်နှိမ်ကြတာပဲ"


"ဟာဗျာ၊ ဘုရင်ကြီးပြောမှ ကျနော်တောင် ပိုက်ဆံကိုင်ချင်စိတ်မရှိတော့ဘူး"


"မကိုင်ချင်မကိုင်နဲ့ပေါ့"


"မကိုင်ရင် မုန့်ဘယ်လိုစားမလဲ"


"ငါ့လိုတောင်းစားပေါ့"


"မပေးရင်ရော"


"ဆဲပေါ့ကွာ"


"မဆဲချင်ပါဘူး။ ထားလိုက်ပါတော့။ ဒါနဲ့ ဘုရင်ကြီးရော ငယ်ငယ်က ပိုက်ဆံကိုင်တာပဲမလား"


"အေးပေါ့၊ ငယ်သေးတော့ အသိတရားဘယ်ရဦးမလဲ၊ ငါ့လက်ငါလည်း ပြန်ပြန်ဆေးနေတာပါပဲ။ ငါ့လက်တွေက သန့်တယ်လို့လည်း မပြောမိပါဘူး"


"ဘယ်အချိန်ကစပြီး ပိုက်ဆံမကိုင်တော့တာလဲ"


"ဘယ်အချိန်ကစလဲက အရေးမကြီးပါဘူး၊ အရေးကြီးတာက ပိုက်ဆံမကိုင်တော့ဖို့ပဲ"


"မကိုင်တော့အဲ့ပိုက်ဆံတွေကို ဘာလုပ်လိုက်လဲ"


"ဘဏ်ထဲကပိုက်ဆံတွေပါ ပြန်ထုတ်ပြီးမီးရှို့လိုက်တာ‌ပေါ့ကွာ။ မသန့်ဘူးထင်လို့ လက်အိတ်နဲ့တော့ကိုင်တာပေါ့"


"ဟာ၊ မီးရှို့မယ့်အစား ဆင်းရဲသားတွေကို ပေးလိုက်ရင်ရော၊ ကျနော့်ကိုပေးရင်တောင် အရုပ်ဝယ်လို့ရသေးတယ်"


"ဆင်းရဲသားလက်ထဲကပိုက်ဆံ ဘယ်ရောက်သွားမယ်ထင်လို့လဲ။ ချမ်းသာပြီးသားကောင်တွေလက်ထဲပဲ ပြန်ရောက်မှာပေါ့ဟ။ မင်းအရုပ်ဝယ်တော့လည်း အဲ့အတိုင်းပဲကို၊ ဘာထူးမှာလဲ။ အနည်းနဲ့အများ အဆင်ပြေသွားကြမှာဆိုပေမယ့် ပိုက်ဆံဆိုတာကြီးရှိနေသရွေ့ ငရဲခံနေရတာကနေ ခဏလောက်သက်သာတာက ဘာလုပ်ရမှာလဲ။ ခဏလောက်သက်သာချင်လို့ ဒီငရဲကြီးကိုလက်ခံရင်းနဲ့ ငရဲကိုကိုယ်တိုင်ဆောက်မှန်းမသိ ဆောက်နေကြရတာ။ ငါကကြောင်သူတော်ကွ၊ ငရဲဆောက်မယ့် ပိုက်ဆံတွေကို မီးပဲရှို့မယ်"


"ပိုက်ဆံမီးရှို့တာက ဥပဒေနဲ့မညီဘူးဆို။ ဘုရင်ကြီးက ထောင်မကျဘူးလား"


"လိမ်ရင်လည်း ဥပဒေနဲ့မညီဘူး။ ခိုးရင်လည်း ဥပဒေနဲ့မညီဘူး။ လူသတ်ရင်လည်း ဥပဒေနဲ့မညီဘူး။ ဥ‌ပဒေအတွက် အလုပ်လုပ်တဲ့ကောင်တွေ၊ နိုင်ငံရေးသမားတွေကအစ အဲ့ဒါတွေလုပ်နေတာပဲကို။ အခွင့်ထူးခံတွေဆို သက်ပြည့်ရော၊ သက်ငယ်ရော မုဒိမ်းကျင့်နေကျကို ဘာမှမှမဖြစ်တာ။ ထောင်ကျတာက ထောင်ချလို့ကျတာပါကွာ။ ချမ်းသာတဲ့သူတွေကို ဆင်းရဲသားတွေက ပြန်ခုခံလို့မရအောင် ပိတ်ပင်တာကလွဲပြီး ဥပဒေက ရှိရှိမရှိရှိ မထူးဘူး"


"ဥပဒေမရှိရင် လူဆိုးကြီးတွေကို ဘယ်လိုအရေးယူမှာလဲ"


"အစိုးရရယ် သူဌေးတွေရယ်ထက်ဆိုးတဲ့ လူဆိုးရှိလို့လား"


"သူတို့ကသူတို့ဘာသာနေနေတာလေ၊ ဓားပြတိုက်တဲ့သူတို့ ခိုးတဲ့သူတို့က ပိုမဆိုးဘူးလား"


"ဘာကွာလို့လဲကွာ။ ရိုးရိုးသားသား သူခိုးဓားပြကမှ မရှိလို့၊ မခိုးမလုရင် ဒုက္ခရောက်မှာမို့ ခိုးရလုရသေး"


"အစိုးရနဲ့သူဌေးက ဘာလုပ်လို့လဲ"


"ဗိုက်ဆာတာကို အစားစားခွင့်မရှိတဲ့သူရယ်လို့ရှိလား။ နေမကောင်းဖြစ်တာကို ကုခွင့်မရဘဲ အသေခံသင့်တဲ့သူရယ်လို့ရှိလား။ အိမ်မရှိတာကို အိမ်မရှိဘဲနေသင့်တဲ့သူရယ်လို့ရှိလား။ ကျောင်းမတက်ဖို့မတတ်နိုင်လို့ ကျောင်းမတက်သင့်တဲ့သူရယ်လို့ရှိလား ..."


"ဘယ်ရှိမလဲဗျာ"


"ငတ်နေတဲ့သူတွေ၊ ငတ်သေတဲ့သူတွေ၊ နေမကောင်းတာကို ကုခွင့်မရတဲ့သူတွေ၊ အိမ်မရှိတဲ့သူတွေ၊ စာသင်ခွင့်မရတဲ့သူတွေ၊ မင်းထက်အများကြီးငယ်တဲ့အရွယ်ကတည်းက တစ်သက်လုံး ပင်ပင်ပန်းပန်း ဒုက္ခခံအလုပ်လုပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိလို့ အလုပ်လုပ်တာတောင် ဆင်းရဲတွင်းကမလွတ်နိုင်တဲ့ သူတွေအတွက် ဘယ်သူမှာတာဝန်ရှိလဲ"


"ဘယ်သိမလဲ"


"မသိတာပဲကောင်းပါတယ်။ မင်းကအခွင့်ထူးခံအနေနဲ့ မွေးလာရတော့ သိစရာဘယ်လိုမလဲ"


"ဒါနဲ့ဘုရင်ကြီးက စက္ကူရဲတိုက်မှာ ငယ်ငယ်ကတည်းက နေတာလား"


"စက္ကူနဲ့မဆောက်တဲ့အိမ်ရှိလို့လား"


"ကျနော့်အိမ်က အုတ်တွေသဲတွေနဲ့ဆောက်တာဗျ"


"အဲ့အုတ်တွေသဲတွေကို ဘာနဲ့ဝယ်လဲ"


"ပိုက်ဆံနဲ့လား"


"အဲ့ပိုက်ဆံဘာနဲ့လုပ်"


"စက္ကူနဲ့ပေါ့"


"အေးလေ၊ ဘယ်သူမပိုင်၊ သက်ရှိတိုင်းနဲ့ဆိုင်တဲ့မြေကြီးကအစ စက္ကူနဲ့တန်ဖိုးဖြတ်၊ စက္ကူနဲ့ရောင်း စက္ကူနဲ့ဝယ်။ စက္ကူနဲ့ဝယ်တဲ့မြေပေါ် စက္ကူနဲ့ အိမ်ဆောက်။ စက္ကူအိမ်ထဲနေ။ စက္ကူအတွက် ရှင်သန်။ စက္ကူအတွက် ကျွန်ခံ။ စက္ကူအတွက် အသေခံ။ စက္ကူအတွက် ရက်စက်။ စက္ကူကို ကိုးကွယ်။ စက္ကူကမ္ဘာကြီးပေါ်က စက္ကူလူသားတွေရဲ့ စက္ကူဘဝတွေ။ ငါ့ကိုအရူးလို့ဝိုင်းပြောကြပေမယ့် အခြားလူတိုင်းက ငါနဲ့အတူတူပါပဲကွာ"


ဘုရင်ကြီးဘေးက စစ်သူကြီးတွေက ရုတ်တရက်ထပြီး ကျနော့်အနောက်ကို စိုက်ကြည့်နေကြတယ်။ ကျနော်လှည့်ကြည့်လိုက်တော့ အိမ်ကခြံစောင့် ဦးလေးကြီးကိုတွေ့တယ်။


"ကောင်လေးရေ၊ ထထ။ သားပြန်မလာလို့ သားအမေစိတ်ပူနေတယ်။ ပြန်ကြရအောင်"


စက္ကူရဲတိုက်နဲ့ ဘုရင်ကြီးကို လက်ပြနှုတ်ဆက်လိုက်တယ်။ ထပြီး ခြံစောင့်ဦးလေးကြီးနောက်လိုက်လာရင်းနဲ့ လမ်း‌တစ်လျှောက်မှာ စက္ကူခြံတွေထဲမှာ စက္ကူအိမ်တွေကိုတွေ့ရတယ်။ စက္ကူခြံကိုစောင့်တဲ့ ဦးလေးကြီးက စက္ကူလူသားကြီးဖြစ်နေတယ်။ လျှောက်နေတဲ့လမ်းကိုယ်တိုင်က စက္ကူလမ်းဖြစ်နေတယ်။ စက္ကူဓာတ်တိုင်တွေရယ်၊ စက္ကူဓာတ်ကြိုးတွေရယ်။ စက္ကူအိမ်ကိုပြန်ရောက်တော့ စက္ကူခြံစောင့် ဦးလေးကြီးက စက္ကူခြံကိုဖွင့်ပေးတယ်။ စက္ကူကားမောင်းတဲ့ စက္ကူဦးလေးကြီးက စက္ကူကားကို ရေဆေးနေတယ်။ စက္ကူမေမေက စက္ကူသား‌လေးကို ထွက်ကြိုတယ်။


"အမှိုက်လေးပစ်တာကို ဘာလို့အဲ့လောက်ကြာနေတာလဲသားရယ်။ လာလာ၊ အမေ့မှာ စိတ်ပူလိုက်ရတာ"


စက္ကူသားအကြီးဆို နေ့တိုင်းနေ့တိုင်း ညညနောက်ကျတဲ့အထိ စက္ကူအလုပ်တွေလုပ်ပြီးမှ ပြန်ရတယ်။ သူ့ကိုရော စိတ်မပူဘူးလား။


"ကိုကြီးဆို ညညညည့်နက်မှ အလုပ်ကပြန်ရတာပဲကို။ သူ့ကျစိတ်မပူဘူးလား"


"ပူတာပေါ့သားရယ်"


စိတ်ပူရက်နဲ့ ဘာလို့စက္ကူအလုပ် ပေးလုပ်တာလဲ။ စက္ကူအိမ်ထဲကို စက္ကူသားလေးပြန်ရောက်လာတယ်။ စက္ကူမေမေက စက္ကူသားလေးရဲ့ စက္ကူခေါင်းကိုပွတ်ပေးတယ်။


"သားစာလုပ်လို့ မပြီးသေးဘူးမလား"


"နည်းနည်းကျန်သေးတယ်"


"သွားသွား စာပြီးအောင် သွားလုပ်။ အမေမုန့်လုပ်ထားတယ်။ စားလို့ရရင်လာပို့မယ်"


"ဟုတ်"


စက္ကူအိပ်ခန်းထဲကို လမ်းလျှောက်လာတယ်။ စက္ကူအိပ်ယာဘေးက စက္ကူစားပွဲ။ စက္ကူစားပွဲရှေ့က စက္ကူကုလားထိုင်ဆီ တစ်လှမ်းချင်းလှမ်းပြီး စက္ကူကုလားထိုင်‌ပေါ်ထိုင်ချလိုက်တယ်။ စက္ကူစားပွဲပေါ်မှာ စက္ကူတွေ။ စက္ကူပေါ်က အမှတ်တွေ စက္ကူအောင်လက်မှတ်တွေအတွက် စက္ကူစာတွေကို ဆက်လုပ်နေလိုက်တယ်။


book.svg

Songs And Stories
Made With Love And Svelte